ကလေးမြို့တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ ၁၅,၀၀၀ ကျော်ထပ်တိုးလာ
*******************
နန်းဆုပန်ခန့်
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့တိုက်ပွဲကြောင့် ကလေးမြို့ရှိ စစ်ရှောင်ဒေသခံပြည်သူ ၁၅,၀၀၀ ကျော် ထပ်မံတိုးလာကြောင်း ကလေးမြို့နယ် စစ်ရှောင်အရေးကူညီသူထံကသိရသည်။
ပြီးခဲ့သည့် ၂၁ ရက်က ကလေးမြို့နယ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ နေရာ ၄ နေရာထက်မနည်းကို ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခြင်း ကြောင့် ဒေသခံသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့ဒေသခံ ၂၀,၀၀၀ ကျော် စစ်ဘေးရှောင်နေခဲ့ရသည်ဟု စစ်ဘေးရှောင်အရေးကူညီနေသူ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက ” ၂၀၂၁ ကတည်းကရှောင်နေတဲ့ ရေရှည်စစ်ဘေးရှောင်တွေက ၂၀,၀၀၀ သီးသန့်ရှိနေပါတယ်။ အခုက ကလေးမြို့ ၁ မြို့လုံးဆို ခန့်မှန်းခြေ ၁၅,၀၀၀ ကျော်လောက် အသစ်ထပ်တိုးလာတယ်” ဟု ဆိုသည်။
ကလေးမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက် ၂ ရက်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ကြောင့် ဆယ်ကျော်သက် ၁ ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကလေးမြို့ခံ များထံက သိရသည်။
ယမန်နေ့ကလည်း မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများက လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ကလေးဒေသခံ အမျိုး သမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကလေးမြို့နယ် စစ်ရှောင်အရေးကူညီသူက ဆိုသည်။
၎င်းက ” လက်နက်ကြီးပစ်တာတွေရှိတယ်။ မနေ့ကလည်း အမျိုးသမီး ၁ ဦး စစ်ကောင်စီလက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရထားပါတယ်” ဟုဆိုသည်။
စစ်ကောင်စီတပ်အာဏာသိမ်းခဲ့သသည့် ၂၀၂၁ ခုနှစ်ကစ၍ ကလေးမြို့တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်း ကြောင့် ကြံသာ၊ အင်းကျွန်း၊ ရေရှင်၊ ကျောက်ဆည်၊ စကားဝါနှင့် နွားချောင်းစစ်ဘေးရှောင်စခန်းများသည် ရေရှည်စစ်ရှောင်စခန်းများဖြစ်လာပြီး လူဦးရေ စုစုပေါင်း ၂၀,၀၀၀ ကျော်ခန့်ရှိလာကာ ယခု စစ်ရှောင်မျာ နှင့် ပေါင်းလျှင် စုစုပေါင်း စစ်ရှောင် ၃၅,၀၀၀ ကျော်ရှိလာသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၆နာရီကျော်တွင် စစ်တပ် တပ်စွဲ ထားသည့် နေရာများဖြစ်ကြသည့် ကလေးမြို့ မြို့လှရပ်ကွက်၊ ကလေးနည်းပညာကောလိပ်နှင့် ကလေးမြို့ တောင်ပိုင်းဆင်ခြေဖုံးအရပ်ရှိ စက္ကန့်ကျေးရွာနှင့် ကလေးမြောက်ပိုင်းရှိ ကံကြီးကျေးရွာဂိတ်စခန်းများအား တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲထိတွေ့မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – CJ
ပုံစာ – ကလေးမြို့ စစ်ရှောင်တချို့ကို မြင်တွေ့နေရစဉ်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3503
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7902