စစ်ဆေးရေးတင်းကြပ်မှုများကြောင့် ရှမ်း/မြောက်ရှိ ပရဟိတအသင်းများအခက်တွေ့
***************************************
ယမင်းဖူးပွင့်အောင်
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA ၏ စစ်ဆေးရေးတင်းကြပ်မှုများကြောင့် ရှမ်း/မြောက်ရှိ ပရဟိတအသင်းများအနေဖြင့် အခက်တွေ့နေရသည်ဟု လူမှုကူညီရေးအသင်းဝင်များထံက သိရ သည်။
ယမန်နေ့က မန္တလေးမြို့သို့ လူနာသွားပို့ကာပြန်လာသော လူမှုကူညီရေးအသင်းကား ၁ စီးကို သိန္နီမြို့၊ ဆယ်ဦး တံတားအနီးတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကာ ည ၇ နာရီခန့်တွင် ပြန်လွတ်ပေးခဲ့သည်ဟု သိရသည်။
တာဝန်အရစစ်ဆေးခြင်းကို ကြည်ဖြူစွာလက်ခံသော်လည်း ညဘက်တွင် ဖြတ်သန်းသွားလာခွင့်ပြုစေလိုပြီး တင်း ကြပ်မှုများကို ဖြေလျော့ပေးစေလိုသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် လူမှုကူညီရေးအသင်းဝင် ၁ ဦးက သံလွင်ခက် ကို ပြောသည်။
၎င်းက “ပေးမဖြတ်တော့ တခြားလမ်းကသွားလို့ရပါတယ်။ အဲဒီနေရာကိုရောက်ပြီးမှ ပြန်လှည့်ရတာက အချိန်ကုန် တယ်။ ဆီဖိုးလည်းကုန်တယ်။ တချို့လူနာတွေဆို ဆီဖိုးတောင်အပြည့်မလှူနိုင်ဘူး။ မိသားစုစားဖို့တောင် အနိုင် နိုင်ရှာရတာဆိုတော့ လှူဖို့တော့ ဝေးပြီလေ” ဟုဆိုသည်။
အလားတူ ယမန်နေ့တစ်ရက်တည်းတွင်ပင် လားရှိုးမြို့အထွက်နားတွင် လူမှူကူညီရေးအသင်းကား ၁ စီးကို MNDAA ကစစ်ဆေးရာ အသင်းဝင်များက ဗမာလူမျိုးဖြစ်နေသည့်အတွက် ပြန်လှည့်ခိုင်းခဲ့သည်ဟု ပရဟိတသမား ၁ ဦးက ပြောသည်။
၎င်းက “လားရှိုးမြို့ကနေသွားတဲ့အခါ MNDAA ဂိတ်ရောက်တော့ မှတ်ပုံတင်စစ်တယ်။ ဘာလူမျိုးလဲတဲ့။ ဗမာ လူမျိုးဆိုတော့ ကားကိုနောက်ပြန်လှည့်ခိုင်းတယ်။ အချိန်ကုန်တယ်။ ဆီကုန်တယ်လေ။ သီပေါမှာသွား ပြန်အိပ်ရ တယ်။ ပြီးမှ နမ္မတူဘက်ကနေ ပြန်ပတ်သွားရတယ်”ဟုဆိုသည်။
လူမှုကူညီရေးအသင်းများအနေဖြင့် လူမျိုးဘာသာမရွေးမခွဲခြားဘဲ ကူညီပေးနေသလို အရေးပေါ်အခြေအနေများ လည်းရှိသည့်အပြင် ငွေကြေးအခက်အခဲများလည်းရှိနေသည်ကို သက်ဆိုင်ရာအဖွဲ့အစည်းများက နားလည်ပေးကြ ရန်လည်း ၎င်းက ဆက်လက်တောင်းဆိုထားသည်။
ထို့အပြင် MNDAA က ဘီးခွန် ၂,၀၀၀ ကျပ်နှင့် ဖောင်ဆိပ်ကူးခ ၂၅,၀၀၀ ကျပ်ကောက်ခံနေရာ အလှူငွေများဖြင့် ရပ်တည်ကူညီနေရသည့် ပရဟိတအသင်းများအတွက် အဆင်မပြေမှုများလည်းရှိနေသည်ဟု သိရသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့၏ အကောက်ခွန်နှုန်းထားသတ်မှတ်ထားသည့်စာရွက်များ ယခု ဖေဖော်ဝါရီလအတွင်း လူမှုကွန်ရက်စာမျက်နှာတွင်ပျံ့နှံ့လာခဲ့ပြီး အဆိုပါနှုန်းထားအတိုင်း အမှန်တကယ်ကောက်ခံနေသည့်အတွက် စား ဝတ်နေရေးကြပ်တည်းနေသည့် ယခုလိုအချိန်ကာလမျိုးတွင် ပို၍အခက်တွေ့စေသည်ဟု ဒေသခံများကဆိုသည်။
ဓာတ်ပုံ -The Kokang
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3500
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7897