လုပ်ခလစာတိုးမြှင့်ပါက မြန်မာရွှေ့ပြောင်းများစွာ ထိုင်းနိုင်ငံကိုဝင်ရောက်လာမည်ဟု FTI သတိပေး
**********************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄။
ယခုနှစ်အတွင်း အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ တိုးမြှင့်မည့်အစီအစဥ်ကို အရှိန်မြှင့်ဆောင်ရွက်မည်ဆိုပါက လုပ်ငန်း လည်ပတ်မှုကုန်ကျစရိတ်မြင့်တက်လာမည့်အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာ ထိုင်းနိုင်ငံသို့ဝင်ရောက် လာကြလိမ့်မည်ဟု ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် – FTI က သတိပေးပြောကြားလိုက်သည်။
ထိုင်းညွန့်ပေါင်းအစိုးရကိုဦးဆောင်နေသည့် ဖွေထိုင်းပါတီ က ၂၀၂၄ ခုနှစ်အစောပိုင်းတွင် အနိမ့်ဆုံးလုပ်ခကို ဘတ် ၄၀၀ အထိတိုးမြှင့်ပေးခဲ့ပြီး ၂၀၂၇ ခုနှစ်တွင် ဘတ် ၆၀၀ အထိတိုးမြှင့်ပေးရန် အဆိုပြုထားသည်။
ယမန်နှစ်နှောင်းပိုင်းတွင် အစိုးရ၊ အလုပ်ရှင်များနှင့် အလုပ်သမားများပါဝင်သည့် သုံးပွင့်ဆိုင်လုပ်အားခသတ်မှတ် ရေးကော်မတီက အလုပ်သမား ၁ ဦးအတွက် ၁ ရက်ပျမ်းမျှလုပ်အားခ ၂ ဒဿမ ၃၇ ရာခိုင်နှုန်း သို့မဟုတ် ၂ ဘတ် ကနေ ၁၆ ဘတ်အထိတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ယခုနှစ် ဇန်နဝါရီလ ၁ ရက်ကစတင်အသက်ဝင်ခဲ့သည့် အဆိုပါလုပ်ခနှုန်းထားသည် အလွန်နည်းပါးသည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် သာရာဝီ သာဝီဆင် ကသုံးသပ်ထားသည်။
ထို့ကြောင့်လည်း အလုပ်သမားများအတွက် သင့်တော်သောလုပ်ခလစာတိုးပေးရန် ဝန်ကြီးချုပ်အနေဖြင့်ဆန္ဒရှိ နေပြီး ၁ နှစ်လျှင် ၁ ကြိမ်ထက်မနည်း ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်သင့်သည်ဟုလည်း ၎င်းက အကြံပြု ထားသည်။
သို့သော် FTI ဒုဥက္ကဋ္ဌ မွန်ထရီ မဟာပပ်ခ်ပွန် ကမူ ” ကျွန်တော်တို့ သုံးပွင့်ဆိုင်လုပ်အားခကော်မတီရဲ့ ဆုံးဖြတ်ချက် နဲ့အညီ နေ့စဥ်လုပ်အားခကို မပြောင်းလဲဘဲ ဒီအတိုင်းဆက်ရှိနေစေချင်ပါတယ်” ဟုပြောသည်။
လုပ်ခလစာကို အလျင်အမြန်တိုးမြှင့်လိုက်မည်ဆိုပါက အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပေါ် ပြင်းထန်သောသက်ရောက်မှုများရှိလာနိုင်သည်ဟု အဖွဲ့ချုပ်က အစောပိုင်းကတည်းက သတိပေးပြောကြားခဲ့သေး သည်။
လုပ်ခလစာတိုးမြှင့်ရန်တွန်းအားပေးမှုများသည် ထိုင်းစီးပွားရေးအပေါ် သက်ရောက်မှုများရှိလာမည်ဖြစ်သည့် အပြင် လုပ်ခလစာတိုးမြှင့်ခြင်းကရရှိသည့်အကျိုးအမြတ်များကို ရွှေ့ပြောင်းအလုပ်သမားများကသာ ရရှိကြလိမ့်မည်ဟု FTI ၏အဆိုအရသိရသည်။
မြန်မာစစ်ကောင်စီကထုတ်ပြန်ထားသည့် စစ်မှုမထမ်းမနေရဥပဒေကြောင့် ထိုင်းနိုင်ငံသို့တိမ်းရှောင်လာသည့် မြန်မာရွှေ့ပြောင်းအရေအတွက်ကလည်းတိုးလာနေသဖြင့် လုပ်ခလစာတိုးမြှင့်ရေးကြောင့် ထိုင်းနိုင်ငံကို မြန်မာရွှေ့ ပြောင်းအလုပ်သမားများ ပိုမိုဝင်ရောက်လာနိုင်သည်ဟု FTI ကဆိုသည်။
Ref : Bangkok Post
ဓာတ်ပုံ – Bangkok Post
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3473
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7846