ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းများ သောက်သုံးရေခက်ခဲနေ
**************************
သဇင်
ဖေဖော်ဝါရီ ၂၂၊၂၀၂၄။
ကရင်နီပြည်(ကယားပြည်နယ်) ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် သောက်သုံးရေအကူအညီ အရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေးကူညီသူများထံက သိရသည်။
ဒီးမော့ဆိုအနောက်ခြမ်းရှိ အနောက်ပဒေါင် ခေါ် ပီကင်း၊ လအိ၊ ဆောင်ဖွေး စသည့်ဒေသများသည် ဒီရေတော ပေါက်ရာ ရေရှားပါးသည့်ဒေသဖြစ်သဖြင့် မိုးတွင်းကာလတွင် ရေကိုကြိုတင်စုဆောင်းရပြီး ကျန်သည့်ကာလများ၌ စုဆောင်းထားသည့်ရေကို ချွေတာသုံးစွဲကြရလေ့ရှိသည်။
ဒီးမော့ဆိုအနောက်ခြမ်းကျေးရွာများရှိ ဒေသခံများသည် ယခင်ကတည်းက ရေရှားပါးမှုဒဏ်ခံစားခဲ့ရပြီး လက်ရှိတွင်လည်း အဆိုပါဒေသ၌ စစ်ဘေးရှောင်များရှိနေသည့်အတွက် ရေအခက်အခဲ ကြီးမားနေခြင်းဖြစ်သည်။
ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က “အစကတည်းက အဲ့ဘက်ဒေသက ရေရှားပါး တယ်။ ဒီစစ်ရှောင်တွေမရှိခင်ကတည်းက ရေရှားပါးတယ်။ မိုးရာသီကို ရေစုပြီးမှ နွေရာသီနဲ့ဆောင်းရာသီ ရေသုံး ရတယ်။ အခုစစ်ရှောင်ပါ ထပ်တိုးလာတော့ ရေမလုံလောက်မှုတွေအများကြီးဖြစ်တယ်။ စစ်ရှောင်တွေတင်မဟုတ် ဘူး။ ရွာခံတွေပါ ရေဒုက္ခရောက်နေတယ်”ဟု ဆိုသည်။
ဒီးမော့ဆိုအနောက်ခြမ်းသည် စစ်ရှောင်အများဆုံးရှိရာဒေသဖြစ်သည့်အတွက် ရေဒုက္ခရောက်နေသည့်အပြင် ရေသယ်ယူရန်အတွက် စက်သုံးဆီကိုလည်း အကန့်အသတ်ဖြင့်သာ သုံးနေရသည်ဟု ဆိုသည်။
အဆိုပါစစ်ရှောင်စခန်းများကို အလှူရှင်များက အလှည့်ကျလှူဒါန်းနေသော်လည်း ရေလုံလောက်မှုမရှိသည့်အတွက် အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်သည် ဟု စစ်ရှောင်အရေးကူညီသူ ၁ ဦးက ဆိုသည်။
၎င်းက “စစ်ရှောင်စခန်းတစ်ခုမှာဆိုရင် အနည်းဆုံး ဘုံကန်က ၂ ခု၊ ၃ခုရှိတယ်။ ဒါပေမယ့် ၃ ခုလောက်ရှိတဲ့ ဘုံကန်ဆိုလည်း ၂ ခုလောက်က ရေခမ်းနေတာ။ လာလှူတဲ့သူလည်း ဘုံကန်တစ်ခုလောက်ကိုပဲ လှူပေးနိုင်တာ။ ၇၀,၀၀၀၊ ၈၀,၀၀၀ တန်လောက်ပေါ့ ။အဲဒါကလည်း ၂ ရက် ၃ ရက်လောက်ဆိုရ င်ကုန်ပြန်ပြီ။ တခြားစခန်းကို သွားမေးရင်လည်း ရေလိုပြီ။ ဟိုစခန်းလည်းရေလိုပြီ နဲ့ အဲဒီလိုမျိုးသံသရာလည်နေတာ”ဟုဆိုသည်။
လက်ရှိတွင် စစ်ဘေးရှောင်များသည် သောက်သုံးရန်၊ ချက်ပြုတ်ရန်အတွက်သာရေကို အဓိကအသုံးပြုနေရပြီး တကိုယ်ရေသန့်ရှင်းရေးအတွက် ရေကို ချွေတာသုံးစွဲနေရသည်ဟု သိရသည်။
ဒီးမော့ဆို အနောက်ခြမ်းတွင် စစ်ရှောင်စခန်းကြီးငယ်ပေါင်း ၅၀ ခန့်ရှိပြီး စခန်းအားလုံးနီးပါး သောက်သုံးရေအကူအညီလိုအပ်နေသည့်အပြင် ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင်လည်း ရေအကူအညီများလိုအပ်နေသည်ဟု စစ်ရှောင်အရေးကူညီသူများထံက သိရသည်။
ဓာတ်ပုံ – ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်။
ပုံစာ – ဖယ်ခုံမြို့နယ်အတွင်း ရေလှူဒါန်းနေသည့်မြင်ကွင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3468
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7842