စီခမ်းကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဖမ်းဆီးရမိ
*************
ထွယ်
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ်ရှိ စစ်ကောင်စီ၏ စီခမ်းကြီးဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို အရှင်ဖမ်းမိသည်ဟု ရှေ့တန်းကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
၎င်းက “ အရှင်က ၁ ယောက်မိတယ်။ လက်နက်သိမ်းဆည်းရမိတာတော့ များတယ်။ အတိအကျတော့ မသိဘူး ” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့၏ အဆိုပါတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များလက်သို့ မကျရောက်သွားစေရန် ၁ ပတ်ကြာမျှ လေကြောင်းပစ်ခတ်မှု ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့သော်လည်း ယမန်နေ့ ညနေက အပြီးတိုင် စွန့်ခွာပေးခဲ့ရခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသာမက ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်ကလည်း ကျဆုံးမှုရှိသည်ဟု သိရသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် – KIA သည် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တို့နှင့်ပူးပေါင်း၍ တိုက်ပွဲများဖော်ဆောင်နေပြီး ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင်လည်း ကချင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ရွှေလီမြစ်အရှေ့ဘက်ခြမ်း၊ မိုးမိတ်မြို့မြောက်ဘက် ၃၅ မိုင်ခန့်အကွာရှိ မဘိမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်း ၂ ခုကို ပူးပေါင်းတပ်များနှင့် ၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၂၁ ရက်၌ မြို့ကို သိမ်းယူနိုင်ခဲ့သည်။
ဓာတ်ပုံ – ပေးပို့
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3435
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7807