နိုင်ငံပေါင်းစုံစစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ရန် စစ်ကောင်စီသင်္ဘော ၂ စင်း အိန္ဒိယရောက်နေ
******************
ကောင်းချစ်အောင်
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄။
နိုင်ငံပေါင်းစုံ ရေတပ်စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ရန် စစ်ကောင်စီသင်္ဘော၂ စင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည်ဟု အိန္ဒိယရေတပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ Visakhapatnam အမည်ရဆိပ်ကမ်းမြို့သို့ “ဆင်ဖြူရှင်”စစ်သင်္ဘောနှင့် “ကျန်စစ်သား” ဖရီးဂိတ် စစ်သင်္ဘော ၂ စင်းသည် ဖေဖော်ဝါရီ ၁၈ ရက်၊ ညတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ၁ ရက်တည်းမှာပင် ဩစတြေးလျတော်ဝင်ရေတပ်က Anzac အတန်းအစား ဖရီးဂိတ်စစ်သင်္ဘော ၁ စင်း၊ ဗီယက်နမ်ရေတပ်က စစ်သင်္ဘော ၁ စင်းနှင့် အမေရိကန်ရေတပ်က စစ်သင်္ဘော ၁ စင်းတို့လည်း ရောက်ရှိလာခဲ့ သည်ဟု သိရသည်။
“လုံခြုံသော ရေကြောင်းအနာဂတ်အတွက် ရေတပ်မဟာမိတ်များဖွဲ့စည်းခြင်း”ဟု အမည်ပေးထားသည့် MILAN – 2024၊ ၁၂ ကြိမ်မြောက်လေ့ကျင့်မှုကို ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၇ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၅၀ ကျော်က ရေတပ်ဖွဲ့ဝင်များ ပါဝင်သွားမည်ဟုလည်း ဆိုသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် – AA ၏ ထိုးစစ်ကို ကြည်း၊ ရေ၊ လေတို့ဖြင့် ပူးပေါင်းခုခံနေရပြီး ဖေဖော်ဝါရီ ၁၃ ရက်အထိစာရင်းအရ ရက္ခိုင့်တပ်တော်က စစ်ကောင်စီသင်္ဘော ၉ စင်းကို ဖျက်ဆီးထားနိုင်ခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ – Indian Navy
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3434
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7804