သံတောင်ကြီးမြို့နယ်အတွင်းရှိ ဒေသခံများကို စစ်တပ်က ၂ ပတ်အတွင်း ပြောင်းရွှေ့ခိုင်း
***************************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄။
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိဒေသခံများကို စစ်ကောင်စီတပ်က ၂ ပတ်အတွင်း ပြောင်းရွှေ့ပေးရန် ပြောကြားထားသည်ဟု ဒေသခံများထံက သိရသည်။
သံတောင်ကြီးမြို့နယ်၊ စစ်ကောင်စီ၏ဘုရင့်နောင်တပ်စခန်းအနီးရှိ ရပ်ကွက်သစ် ၊ အမေရိကန်ကုန်းတွင်နေထိုင်သည့် ဒေသခံများကို ဖေဖော်ဝါရီ ၁၈ ရက်ကစ၍ ၂ ပတ်အတွင်းပြောင်းရွှေ့ပေးရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ ၁ ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” သူတို့ထားတဲ့ မိုင်းတွေက အဲ့ဧရိယာနားမှာ။ အိမ်တွေနဲ့ နီးတဲ့အခါမှာကျတော့ ပြောင်းရွှေ့ကြတာရှိတယ်။ တချို့တွေကျတော့ တပ်က ပြောင်းခိုင်းလို့ ပြောင်းသွားကြတာရှိတယ် ” ဟုဆိုသည်။
စစ်ကောင်စီတပ်က ယခုကဲ့သို့ ပြောင်းရွှေ့ခိုင်းနေသည့်အတွက် ဒေသခံများသည် နီးစပ်ရာဘုရားကျောင်းများနှင့် ဆွေမျိုးများရှိသော အခြားအရပ်ဒေသများသို့ ပြောင်းရွှေ့နေကြရသည်။
ရုတ်တရက် ပြောင်းရွှေ့ကြရသည့်အတွက် နေထိုင်စားသောက်ရေးတွင် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံအမျိုးသမီး ၁ ဦးက ပြောသည်။
၎င်းက “ရုတ်တရက်ကြီးပြောင်းရတော့ စားဖို့သောက်ဖို့ သယ်ရပြုရတာ ညတွင်းချင်းပဲ သယ်ရတာရှိတယ်။ ကြောက်ကြောက်လန်လန့်နဲ့သယ်ရတာပေါ့။ တချို့ဆို ဒီနေ့ပဲ မီးဖွားတယ်။ မနက်ဖြန်ပြောင်းရမယ်ဆိုတော့ မီးဖွားပြီးတော့ ၁ ရက်ပဲရှိသေးတယ်။ ပြောင်းရရွှေ့ရတာတွေရှိတယ်” ဟုဆိုသည်။
သံတောင်ကြီးဒေသတွင် သံတောင်ကြီးမြို့(ဘုရင့်နောင် )တပ်စခန်းအပြင် ၁၃ မိုင် ၊ ၇ မိုင်၊ ၄ မိုင်၊ ဥသျှစ်ကုန်းနှင့် ရွှေညောင်ပင် စသည့်နေရာများတွင်လည်း စစ်ကောင်စီ၏တပ်ရင်းနှင့် ဂိတ်စခန်းများရှိသည်ဟု ဒေသခံများထံက သိရသည်။
ဘုရင့်နောင်တပ်စခန်းသာမက အဆိုပါ တပ်စခန်းများအနီးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုင်းများ ထောင်ထားသည့်အတွက် ဒေသခံများအနေဖြင့် လုပ်ကိုင်ခွင်သွားရောက်ရာ၌ အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။
ဒေသခံ ၁ ဦးက ” အခုဆို သူတို့တပ်တွေနဲ့နီးတဲ့နေရာမှာ မိုင်းတွေလိုက်ထောင်ထားတယ်လေ။ ကျွန်မတို့ ခြံတွေထဲမှာလည်း ထောင်ထားတော့ ထွက်တဲ့ သီးနှံတွေ သွားခူးလို့မရတော့ဘူး ” ဟုဆိုသည်။
အဆိုပါ ဘုရင့်နောင်တပ်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း သံတောင်ကြီးမြို့ နှင့် လိပ်သိုမြို့ကြား တိုက်ပွဲဖြစ်ပွားလာလျှင်မူ အဆိုပါတပ်စခန်းက လက်နက်ကြီးဖြင့် ပစ်ကူပေးသလို ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ကာလများ၌လည်း လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်လေ့ရှိသည်ဟု ဒေသခံများထံက သိရသည်။
ပုံစာ – သံတောင်ကြီးမြို့နယ်အတွင်းရှိ ဘုရင့်နောင်တပ်စခန်းအား မြင်တွေ့ရသည့် မြင်ကွင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3438
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7812