ဖေဖော်ဝါရီလအတွင်း CI ရုံးပြန်ဖွင့်မည်
**************************
နန်းဆုပန်ခန့်
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄။
ထိုင်းနိုင်ငံအတွင်း Certificate of identity – CI မည်သူမည်ဝါဖြစ်ကြောင်း ယာယီသက်သေခံအထောက်အထားကို ယခုနှစ် ဖေဖာ်ဝါရီလ ၁၅ ရက်တွင် ပြန်ဖွင့်မည်ဖြစ် သည် ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၁၃ ရက်ကစတင်၍ ထိုင်းနိုင်ငံအတွင်း မိမိနှင့် နီးစပ်သည့် 7 ELEVEN တွင် မိမိသွားရောက်လိုသည့် CI ထုတ်ပေးသည့်စခန်းများကိုရွေးချယ်ပြီး CI စာအုပ်ဖိုးနှင့် အကြိုစရံငွေ ၁၃၁၀ ဘတ် တို့ကို ပေးသွင်းရမည်ဖြစ် သည်။ ထို့နောက် သွားရောက်ပေးသွင်းပြီးရရှိလာသည့်ပြေစာအတွင်းပါရှိလာသည့် ရက်စွဲအတိုင်း CI စာအုပ်ကို သွားရောက်ပြုလုပ်ရပါမည်။
CI လုပ်မည့်သူများသည် လက်ဗွေနှိပ်ပြီးရလာသည့် တံဆိပ်တုံးစာရွက်၊ ၁,၄၅၀ တန်ငွေချေစာရွက်၊ အမျိုး သားမှတ်ပုံတင် (မြန်မာမှတ်ပုံတင်)၊ အိမ်ထောင်စုစာရင်း( မိတ္တူ) နှင့် လိုင်စင်ဓာတ်ပုံ ၁ ပုံ စသည်တို့ လို အပ်သည်။ ကုန်ကျစရိတ်အနေဖြင့်
” CI ဖိုး ၇၁၀ ဘတ်၊ Visa ဖိုး ၁,၁၀၀ ဘတ်၊ မြန်မာနိုင်ငံကို အခွန်ဆောင်ရမည့် ၃ လစာအတွက် ၄၅၀ ဘတ်၊ တုံကင်ကတ်ဖိုး ၂,၂၀၀ ဘတ် စုစု ပေါင်း ၄,၄၆၀ ဘတ် ” ကုန်ကျမည်ဖြစ်သည်။
CI စခန်း ၅ ခုတွင်ဖြစ်စေ၊ မိုဘိုင်းယူနစ် ၃ ခုတွင်ဖြစ်စေ ငွေပေးချေ၍ သွားရောက်ထုတ်ယူနိုင်သည်ဟု ထိုင်းနိုင်ငံတွင်းရှိ ထိုင်းအလုပ်သမားယူနီယံ (TLC ) ..CEC အဖွဲ့ဝင် ဦးမိုးကြိုး ကရှင်းပြသည်။
၎င်းက “CI စခန်း ၅ ခုဆိုတာက ထိုင်းနိုင်ငံ စမွတ်ပရာကန်၊ ချွန်ပူရီ၊ ပထုန်ဌာနီ၊ ဆူရတ်ဌာနီ၊ စမွတ်စခွန်း (မဟာချိုင်း) အဲ့ဒီ CI စခန်း ၅ ခုမှာဖြစ်စေ၊ မိုဘိုင်းယူနစ် ၃ ခုကတော့ ချင်းမိုင်၊ နခွန်စဝမ်၊ ဆုံခလာ အဲဒီမိုဘိုင်းယူနစ် ၃ ခုမှာဖြစ်စေ ပေးလို့ရတယ်“ ဟု သွားရောက်ထုတ်ယူနိုင်သည့်နေရာကိုပြောပြသည်။
CI ကတ်လုပ်ပြီးလျှင် CI စာအုပ်၊ OWIC ကတ်၊ ဗီဇာ ၁၃.၂.၂၀၂၅ အထိ၊ ရက် ၉၀ တုံး နှင့် အခွန်ဆောင်ထားသည့်ပြေစာစာရွက် ရရှိမည်ဖြစ်သည်ဟု ယခင်၂၀၂၃ ခုနှစ်က CI သွားရောက်လုပ်ဆောင်ခဲ့သူများထံကသိရသည်။
CI စာအုပ်ရပြီးလျှင် လူဝင်မှုကြီးကြပ်ရေးရုံးသို့သွား ရောက်ကာ ရက် ၉၀ သက်တမ်းတိုးရမည်ဖြစ်ပြီး တစ်ခါတိုးလျှင် ၎င်းတို့ရုံးအား ဘတ်၂၀ ထပ်မံပေးသွင်းရမည်။
ဓာတ်ပုံ – သံလွင်ခက်။
ပုံစာ – ချင်းမိုင်မြို့တွင် CI လုပ်ရန် စောင့်ဆိုင်းနေသည့် မြင်ကွင်း/ ပုံအဟောင်း။