အလဲထိုးနိုင်ပွဲဖြင့် အပိုဆုကြေးကျပ်သိန်း ၃၅၀ နီးပါးရရှိခဲ့သည့် စိုးလင်းဦး နှင့် သန့်ဇင်
***************************
သံလွင်ခက်
ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၄ ။
ယမန်နေ့ညပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ကျင်းပခဲ့သည့် ONE Championship ပြိုင်ပွဲ၌ မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးနှင့် သန့်ဇင်တို့က အလဲထိုး နိုင်ပွဲအသီးသီးရရှိခဲ့ပြီး အပိုဆုကြေး ဘတ် ၃သိန်းခွဲ (ကျပ် သိန်း ၃၅၀ နီးပါး) ရရှိခဲ့သည်။
အနိုင်ရရှိခဲ့သည့် မြန်မာ့ရိုးရာ လက်ဝှေ့သမား၂ ဦးသည် ONE Championship ပြိုင်ပွဲ၏ မွေထိုင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားခြင်းဖြစ်သည်။
အသက် ၃၂ နှစ်အရွယ်ရှိ မြန်မာ့ရိုးရာထိပ်တန်းလက်ဝှေ့သမား စိုးလင်းဦးက ဂျပန်ဖိုက်တာ ဆူဟာရှီနှင့် ယှဉ်ပြိုင်ထိုးသတ်သွားပြီး နောက်ဆုံးအချီဖြစ်သည့် တတိယအချီ၌ အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
အသက် ၁၉ အရွယ် လူငယ်လက်ဝှေ့သမား သန့်ဇင်က အိမ်ရှင်ထိုင်းဖိုက်တာဂျက်ဆင်နှင့်ယှဉ်ပြိုင်ထိုးသတ်သွားပြီး ဒုတိယအချီတွင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့သည်။
အနိုင်ရရှိခဲ့သော မြန်မာ့လက်ဝှေ့သမား ၂ ဦးသည် ONE Championship စီအီးအို ချက်ထရီဆစ်ယော့ဒ်ဒန်ပေးအပ်သည့် အပိုဆုကြေး ဘတ် ၃ သိန်းခွဲကိုလည်း အသီးသီးရရှိခဲ့သည်။
စိုးလင်းဦးနှင့် သန့်ဇင်တို့သည် ONE Championship ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီး ONE Championship ပြိုင်ပွဲတွင် အခြေခံထိုးကြေးအဖြစ် ဒေါ်လာ ၁၅၀၀ ပေးပြီး အနိုင်ရရှိလျှင် Win Bonus အဖြစ် ဒေါ်လာ ၁၅၀၀ ထပ်ပေးသည်ဟု သိရသည်။
ထို့ကြောင့် စိုးလင်းဦးနှင့် သန့်ဇင် တို့သည် ONE Championship စီအီးအို ချက်ထရီဆစ်ယော့ဒ်ဒန်ပေးအပ်သည့် အပိုဆုကြေး ဘတ် ၃ သိန်းခွဲအပြင် ONE Championship ကသက်မှတ်ထားသည့် ထိုးကြေးအဖြစ် ဒေါ်လာ ၃၀၀၀ ကိုလည်းရရှိမည့်အခြေအနေဖြစ်သည်။