ရန်ကုန် – ကျောက်ဖြူ ပြည်ထောင်စုလမ်းမကြီးရှိ မအီတံတား ဖျက်ဆီးခံရ
***************************
သဇင်
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ အမ်းမြို့နယ်ခွဲ ရန်ကုန် – ကျောက်ဖြူ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မအီတံတား ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ ည ၈နာရီခန့်တွင် မအီတံတားအနီး၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AAတို့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့သည်ဟု မအီဒေသခံ အမျိုးသား ၁ ဦး က သံလွင်ခက်ကို ပြောသည်။
၎င်းက “တံတားကတော့ မိုင်း/လက်နက်ကြီးကျလို့ကျိုးတဲ့ပုံပေါက်တယ်။ မနေ့ကတော့ တိုက်ပွဲဖြစ်တယ်။လက်နက်ကြီးနဲ့ ပစ်တယ်။ ဒီတံတားက လူနေရပ်ကွက်နဲ့တော့ ချောင်းတစ်ခုပဲခြားတယ်။ မနေ့ညကတော့ တိုက်ပွဲဖြစ်လို့ အကုန်လုံးရှောင်နေကြပြီး တော်တော်များများ မြို့ထဲမှာ မရှိကြတော့ဘူး”ဟု ဆိုသည်။
ရန်ကုန်-တောင်ကုတ်-ကျောက်ဖြူကားလမ်းပေါ်တွင်တည်ရှိသည့် မအီတံတားသည် လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသည့်အပြင် စစ်ရေးအရ မဟာဗျူဟာအချက်အချာကျသည့် နေရာတစ်ခုလည်းဖြစ်သည်။
အဆိုပါတံတားသည် အမ်းမြို့နယ်မှ ကျောက်ဖြူ-ရမ်းဗြဲဘက်သို့ ဆက်သွားရသည့် တံတားဖြစ်ပြီး တံတားကျိုးပျက်မှုကြောင့် ကုန်စည်စီးဆင်းမှုအပြင် ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားနိုင်သည် ဟု ရခိုင်ဒေသခံအမျိုးသား ၁ ဦးက ဆိုသည်။
“အဲ့တံတားက ကျောက်ဖြူ- ရမ်းဗြဲဘက်ကို ဆက်သွားရမယ့် အဓိကတံတားပဲ။ အဲ့တံတားကျိုးသွားတာနဲ့ ကျောက် ဖြူ၊ ရမ်းဗြဲ ၊အမ်း၊ တောင်ကုတ်ဘက်တွေကို ကုန်စည်တွေ လူတွေသွားလို့မရတော့ဘူး။ ကုန်းလမ်းက လုံးဝပြတ်တောက်သွားပြီလို့ပြောလို့ရတယ် “ ဟုဆိုသည်။
မအီတံတားသည် တောင်ကုတ်၊ကျောက်ဖြူနှင့်အမ်းမြို့ကို ဆက်သွယ်ထားသည့် လမ်းသုံးခွဆုံသည့်နေရာတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသည့် တံတား ၁ စင်းလည်းဖြစ်သည်။
၁၀၂၇စစ်ဆင်ရေးစတင်ခဲ့သည့် ၃လတာကာလအတွင်း တောင်ကုတ်နယ်တွင် ထိတွေ့တိုက်ပွဲ ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်ကလည်း စစ်တွေမြို့အဝင် မင်းကြောင်းတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့သည်။
( မူရင်း ရိုက်ကူးသူအား ခရက်ဒစ်ပေးပါသည်။)