လူမျိုးရေး ပဋိပက္ခဖြစ်အောင် ကြိုးပမ်းနေသည့် စစ်ကောင်စီ
**************************
သံလွင်ခက်
ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၄။
စစ်ကောင်စီသည် ဘာသာရေးကို အသုံးချကာ ပဋိပက္ခများဖြစ်အောင် ဝါဒဖြန့်မှုများလုပ်ဆောင်နေသည့်အပြင် ယခုလ အစပိုင်းကစပြီး ရခိုင် – ဗမာ လူမျိုးရေး ပဋိပက္ခများဖြစ်အောင် လုပ်ဆောင်လာနေသည်ဟု လေ့လာစောင့်ကြည့်နေသူများထံက သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်များတွင် ရခိုင်ပြည်နယ်ရှိ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီးတွင် စစ်သင်္ဘော ၃ စင်းကို ရက္ခိုင့်တပ်တော် – AA က တိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၃ စင်းလုံး နစ်မြှုပ်ခဲ့သည်။
အဆိုပါ စစ်သင်္ဘောများ နစ်မြှုပ်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ချအညံ့ခံရန်၊ အလံဖြူထောင်ရန် ၃ ကြိမ်တိုင်တိုင် ရက္ခိုင့်တပ်တော်က ပြောဆိုခဲ့သော်လည်း တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းကလည်း ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန်ကြိုးစားသည့်လုပ်ရပ်ကိုသာ ပြုလုပ်ခဲ့သည် ဟု AA က ထုတ်ပြန်ထားသည်။
လက်နက်ချအညံ့ခံရန် ထပ်မံ၍ နာရီဝက်အချိန်ပေးခဲ့သော်လည်း ဒရော့ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် AA တပ်ဖွဲ့ဝင် ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချိုရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်တွင် အသက်မသေဘဲ လွတ်မြောက်လာသောသူများကို AA တပ်ဖွဲ့ဝင်များက ကယ်ဆယ်ပေးခဲ့ပြီး ၎င်းတို့ကို စစ်သုံ့ပန်းဥပဒေအရ ကောင်းစွာလက်ခံကျွေးမွေးထားသည်ဟု ဖေဖော်ဝါရီ ၁၁ ရက်တွင် AA က ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် စစ်သင်္ဘောများ ရေနစ်မြှုပ်ပြီးနောက် ရေကူး၍တက်လာသည့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သား မိသာစုဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို AA နှင့် ARSA အဖွဲ့များက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ တုတ်၊ ဓားများဖြင့် သတ်ဖြတ် ခြင်းများကြောင့် ရာနှင့်ချီ သေဆုံးခဲ့ရသည်ဟု စတင်ရေးသားခဲ့သည်။
အဆိုပါ ဖြစ်စဉ်သည် AA နှင့် ဗမာ တိုင်းရင်းသားတို့ကြား ရှင်းလင်းရမည့်ကိစ္စဖြစ်သည် စသဖြင့် ရခိုင် – ဗမာ လူမျိုး အချင်းချင်းကြား ပဋိပက္ခများဖြစ်စေမည့် အရေးအသားများကိုလည်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ဖော်ပြခဲ့သည်။
တယ်လီဂရမ်များတွင်သာမက စစ်ကောင်စီလက်အောက်ခံ ပါတီတစ်ခုဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် ၁ ဦးဖြစ်သည့် ဘူးလက်လှဆွေအပါအဝင် အခြားသော စစ်တပ်ထောက်ခံ သူများ၏ လူမှုကွန်ရက်အကောင့်များတွင် ” ရခိုင်မုန့်တီမစားတော့ဘူး။ ရခိုင်အစားစာတွေ အပြင်မှာ ထွက်မစားတော့ဘူး။ ရခိုင်အစားသောက်တွေကို ရှောင်ပြီ၊ စသဖြင့် ရေးသားဖော်ပြခဲ့ကြသည်။
စစ်ကောင်စီ၏လုပ်ရပ်သည် လူမျိုးမတူသူများကြား ပဋိပက္ခကြီးမားအောင် လုပ်ဆောင်သည့် အစွန်းရောက် လုပ်ဆောင်ချက်ဖြစ်ပြီး တော်လှန်ရေးကာလတစ်ခု၌ လက်စားချေသည့်အယူအဆကို စနစ်တကျ သွတ်သွင်းနေခြင်းဖြစ်သည်ဟု Beautifier of Diversity Network အဖွဲ့၏ သုတေသီ ( researcher ) ၁ ဦးက သံလွင်ခက် သတင်း ဌာနကို ပြောသည်။
၎င်းက ” ဘယ်လောက်ထိတောင်ပြောကြလဲဆိုရင် မိုခါတုန်းက ငါတို့တွေ ဘယ်လိုတွေကူခဲ့တာ၊ ရိုဟင်ဂျာတွေနဲ့ ပြဿနာတက်တုန်းက တပ်မတော်က ဘယ်လောက်ထိ ရခိုင်တွေနဲ့အတူ ရပ်တည်ပေးခဲ့တာ။ ဒီကျေးဇူးတွေကို အခုတော့ ဒီလိုမျိုးဆပ်သလား ဆိုတဲ့ဟာမျိူးထိကို ပြောကြတယ်။ အဲလိုပုံစံမျိုးနဲ့ကို အမုန်းတရားတွေပိုပြီး ပွားများ လာအောင်လုပ်နေကြတာမျိုး တွေ့ရှိရတယ်။ တော်လှန်ရေးကာလတစ်ခုမှာ လက်စားချေတဲ့ အယူအဆကို စနစ် တကျကို သွတ်သွင်းတယ်လို့ပဲမြင်ပါတယ်။ ” ဟုဆိုသည်။
စစ်ကောင်စီနှင့် ၎င်းတို့အားထောက်ခံသူများက လူမှုကွန်ရက်စာမျက်နှာများတွင်သာမက မြေပြင်နေရာများ၌ပင် ရခိုင် – ဗမာ လူမျိုးအချင်းချင်းကြား ပဋိပက္ခများဖြစ်စေရန် ကြိုးစားအားထုတ်ခဲ့ကြသည်။
ဖေဖော်ဝါရီ ၁၂ ရက်နှင့် ၁၃ ရက်များတွင် ရန်ကုန်မြို့၊ မန္တလေးမြို့ရှိ ရခိုင်စားသောက်ဆိုင်များနှင့် နေရာတချို့တွင် ” ရခိုင်ဆိုင်မှန်သမျှက ဝယ်ယူအားအာပေးခြင်းကို ရှောင်ကြဉ်ကြ၊ ရခိုင်ဆိုင်တွေမှန်သမျှ မြို့ပေါ်က ထွက်သွား ” စသည့် စာရွက်များ ဖြန့်ဝေခဲ့သည်။
စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် လူမျိုးကြီးနှင့် စစ်အာဏာရှင်ဝါဒများကို ပိုပြီးခိုင်မာစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု Burma Civil War Museum က သုတေသီ ၁ ဦးဖြစ်သည့် ကိုရဲဟိန်းအောင်က သုံးသပ်သည်။
၎င်းက ” ဒါသည် မြန်မာစစ်တပ်အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြားမှာ နောက်ပြည်သူတွေထဲမှာလည်း အထူးသဖြင့် အလယ်ပိုင်းဒေသမှာနေတဲ့ မြန်မာလူမျိုးတွေနဲ့ ရခိုင်လူမျိုးတွေ နောက်တခြားလူမျိုးစု လက်နက်ကိုင်အင်အားစုမှာပါနေတဲ့ အဖွဲ့အစည်းတွေကြားမှာ တစ်လုံးတစ်စည်းထဲမဖြစ်ဘဲ ကွဲကွဲပြားပြားဖြစ်နေပြီဆိုရင် သူတို့ရဲ့ လူမျိုးကြီးဝါဒကော စစ်အာဏာရှင်ဝါဒကော နောက်လူမျိုးစုတွေအပေါ်မှာ ကိုလိုနီပြုကျင့်မှုကိုပါ ပိုပြီးခိုင်ခိုင်မာမာလုပ်နိုင်ဖို့အတွက် ရည်ရွယ်ဆောင်ရွက်နေတယ်လို့ ကျွန်တော်မှတ်ချက်ပြု ချင်ပါတယ် ” ဟုဆိုသည်။
စစ်ကောင်စီနှင့် ၎င်းတို့ကိုထောက်ခံနေသည့်အဖွဲ့များက လူမှုကွန်ရက်များနှင့် မြေပြင်များတွင် လူမျိုးရေး ပဋိ ပက္ခများဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်နေသော်လည်း ၎င်းတို့၏ ကြိုးပမ်းမှုများသည် အရာထင်မည်မဟုတ်ဟု စောင့်ကြည့်လေ့လာသူများက ထောက်ပြသည်။
Beautifier of Diversity Network အဖွဲ့၏ သုတေသီ ( researcher ) ၁ ဦးက ” သူတို့ရဲ့ဝါဒဖြန့်မှုတွေက တကယ်က မသက်ရောက်ပါဘူး။ ဘယ်လို့လဲဆိုတော့ ပြည်သူအားလုံးက စစ်အာဏာရှင်ကို မုန်းတီးတယ်ဆိုတဲ့ အခံက တော်တော်ဖြစ်သွားပြီ။ ပြောရမယ်ဆိုရင် ရန်သူက ဘယ်သူလဲဆိုတာကို အတိအကျသိသွားကြပြီဆိုတဲ့ ကာလပေါ့။ အဲတာမို့ အများစုသော တိုင်းရင်းသားအချင်းချင်းကြား ဘာသာရေး၊ လူမျိုးရေး အချင်းချင်းကြားမှာ သွေးကွဲအောင်လုပ်ဆောင်နေတာသည် အဲ့လောက် ထိရောက်လားဆိုရင် မထိရောက်ဘူး ” ဟုဆိုသည်။
လက်ရှိအချိန်တွင် ပြည်သူများအနေဖြင့်လည်း လူမှုကွန်ရက်စာမျက်နှာများ၌ တက်လာသည့် သတင်းတု၊ သတင်း မှားများနှင့် အချင်းချင်းကြား ပဋိပက္ခဖြစ်စေမည့်အရေးသားများ ထွက်ပေါ်လာလျှင် အချက်အလက်များကို ပြန် လည်သုံးသပ်စစ်ဆေးခြင်းများလုပ်ဆောင်ကာ ချိင့်ချိန်ယုံကြည်ကြရန် လေ့လာစောင့်ကြည်သူများနှင့် သုတေသီများက အကြံပြုတိုက်တွန်းထားသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3358
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7703