ထွယ်
ဖေဖော်ဝါရီ ၉ ၊ ၂၀၂၄။
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်တွင် ရှမ်းနီအမျိုးသားများတပ်မတော် – SNA နှင့် စစ်ကောင်စီလက်အောက်ခံ ဒေသခံ ပြည်သူစစ်တို့ပူးပေါင်းပြီး ဒေသခံပြည်သူများကိုဖမ်းဆီးလူစုကာ စစ်သင်တန်းပေးနေသည်ဟု ဒေသခံများထံက သိ ရသည်။
SNA နှင့် ပြည်သူ့စစ်များသည် မိုးညှင်းမြို့အပါအဝင် ဟိုပင်မြို့၊ အင်းတော်ကြီးမြို့၊ မိုးကောင်းမြို့နယ်နှင့် နန်းမား မြို့ရှိ ဒေသခံများကို လိုက်လံဖမ်းဆီးကာ စစ်သင်တန်းပေးနေခြင်းဖြစ်သည်ဟု မိုးညှင်းဒေသခံအမျိုးသမီး ၁ ဦးက သံလွင်ခက်ကို ပြောသည်။
“မိုးညှင်းမှာ စစ်သင်တန်းပေးဖို့ လူစုဆောင်းတယ်၊ ဖမ်းတယ်ဆိုတာ ဟုတ်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကနေတဆင့် တရားဝင်စုဆောင်းတာမျိုးမဟုတ်ဘဲနဲ့ မိုးညှင်းမြို့ရဲ့ အဓိကလမ်းတွေဖြစ်တဲ့ တက္ကသိုလ်ကျောင်း သွားတဲ့လမ်းဘက်၊ ဈေးသွားတဲ့လမ်း၊ လူရှင်းတဲ့ဘက်ကလမ်းတွေမှာ ဖမ်းတာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ယခုကဲ့သို့ဖမ်းဆီးမှုများကြောင့် ဒေသတွင်းရှိ လူငယ် များ မိမိတို့နေအိမ်တွင်နေထိုင်ခြင်းမရှိတော့ဘဲ အခြားမြို့နယ်၊ ခရိုင်ဘက်သို့ ပြောင်းရွှေ့နေထိုင်သူများလည်း ရှိ သည်ဟု အဆိုပါမိုးညှင်းဒေသခံအမျိုးသမီးက ပြောသည်။
ရှမ်းနီအမျိုးသားများတပ်မတော် – SNA နှင့် စစ်ကောင်စီလက်အောက်ခံ ဒေသခံပြည်သူစစ်တို့သည် မိုးညှင်း ခရိုင်အတွင်းရှိ ဒေသခံများအပါအဝင် မိုးညှင်းမြို့နယ်၊ နန်းမားမြို့က ရွှေမှော်များအထိ ဝင်ရောက်ဖမ်းဆီးလျက်ရှိ သည် ဟုလည်း မိုးညှင်းမြို့နယ်ရှိ နောက်ထပ်ဒေသခံအမျိုးသား ၁ ဦးက သံလွင်ခက် ကို ပြောသည်။
“နန်းမားမှာဆို ရွှေမှော်တွေထဲထိ ဝင်ဖမ်းတယ်။ လောပန်းတွေက ပိုက်ဆံပေးရွေးရတယ်။ ကျင်းသားတွေထဲက သက်ကြီးရွယ်အိုပါတယ်ဆိုရင် ၁၀ သိန်း၊ ၁၅ သိန်း ပေးရွေးရတယ်။ လူငယ်တွေကိုတော့ အရွေးမခံဘူး။ တစ်ခါ တည်း သင်တန်းပေးတာ” ဟုပြောသည်။
ဖမ်းဆီးခံရသည့်ဒေသခံများကို နန်းမားမြို့အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ် – ၃၈၅ နှင့် ၃၈၆ တပ်ရင်း များအပါအဝင် ဟိုပင်မြို့ နှုံးချိုတပ်ရင်းတွင်လည်း စစ်ရေးလေ့ကျင့်ပေးလျက်ရှိသည်ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ ဒေသခံများကိုဖမ်းဆီးပြီး စစ်ရေးလေ့ကျင့်ပေးနေသည်မှာ ရှမ်းနီအမျိုးသားများတပ်မတော် – SNA တပ်ဖွဲ့ကမဟုတ်ဘဲ ဒေသခံပြည်သူစစ်အဖွဲ့သာဖြစ်သည်ဟု ရှမ်းနီအမျိုးသားများတပ်မတော် – SNA ၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက သံလွင်ခက် ကို ပြောသည်။
“အဲဒါက SNA မဟုတ်ဘူး။ ပြည်သူ့စစ်တွေတော့ နဂိုကတည်းက နိုင်ငံတော်ကချမှတ်ထားတဲ့ ပြည်သူ့စစ်တွေနဲ့ ပြည်သူ့စစ်အဟောင်းတွေလည်း ရှိတာကိုး။ အဲဒါတွေ ပြန်တိုးချဲ့ဖို့ကောက်နေတာတော့ ကြားတယ်။ SNA က ကောက်တာတော့ မဟုတ်ဘူး။ လူတွေက ရှမ်းနီလို့ပြောလိုက်ရင် မှားကုန်ကြတာ။ ပြည်သူ့စစ်နဲ့ SNA နဲ့ကို သဲသဲ ကွဲကွဲမသိဘူး ဖြစ်နေကြတာ။ အဲဒီပြည်သူ့စစ်ကို ဒေသခံပြည်သူ့စစ်လို့ ခေါ်တယ်။ လူမျိုးက ရှမ်းနီတွေများနေ တော့ သတင်းတိုက်တွေက ရှမ်းနီပြည်သူ့စစ်လို့ ရေးကြတော့ SNA နဲ့မှားကုန်ကြတာ။ တကယ်တော့ ဘာမှ မဆိုင် ဘူး” ဟု ပြောသည်။
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ရှိ ဒေသခံများကို ယခုကဲ့သို့ဖမ်းဆီးနေသည်မှာ ၃ ပတ်ခန့်ရှိပြီဖြစ်ပြီး ဖမ်းဆီးခံရသူ လူဦးရေ ၂၀၀ ဦးအထိ ရှိနေပြီဟုလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3282
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7582