ကန့်ဘလူတွင် စစ်ရဟတ်ယာဉ်အပစ်ခံရပြီး ထိမှန်
****************************
Saw Smith
ဖေဖော်ဝါရီ ၈ ၊ ၂၀၂၄ ။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီရဟတ်ယာဥ်တစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်များက ပစ်ခတ်ခဲ့ရာ ထိမှန်ပြီး မီးခိုးများအူထွက်၍ ပြန်လှည့်သွားခဲ့ရသည်ဟု ကာကွယ်ရေးပူးပေါင်းများထံက သိရသည် ။
ယနေ့ နေ့လည် ၂နာရီခွဲ ဝန်းကျင်ခန့်တွင် ချပ်သင်းတိုက်ပွဲအတွင်းသို့ လာရောက်ဗုံးကြဲတိုက်ခိုက်သည့် စစ်ရဟတ်ယာဥ်ကို ပွိုင့်၅ဖြင့် ပစ်လိုက်ခြင်းဖြစ်သည်ဟု ကန့်ဘလူမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
” Mi 35 ရဟတ်ယာဥ် နောက်ဆုံးလာပစ်တဲ့ အစီးကို ပွိုင့်၅ နဲ့ ပစ်လွှတ်လိုက်တာ။ သူတို့ကြဲတဲ့နေရာနဲ့ ပွိုင့်၅ ကိုင်ထားတဲ့နေရာက တခြားစီဖြစ်နေတော့ ဒီနေ့မှ ပစ်လိုက်ရတာ ။ ကျ၊ မကျတော့ မသိရဘူး။ မှန်တာက၊ မှန်သွားတယ် “ဟု ၎င်းကပြောသည် ။
စစ်ကောင်စီတပ်နှင့်ပျူစောထီများတပ်စွဲထားသည့် ချပ်သင်းပျူရွာကို ယမန်နေ့ ညနေ ၅ နာရီခန့်မှစ၍ တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီက လေယာဥ်ပစ်ကူများဆက်တိုက်လာရောက်နေသည်ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
စစ်ကောင်စီ၏ လေကြောင်းပစ်ကူသည် ယမန်နေ့ ညပိုင်းတွင် ၂ ကြိမ်၊ ယနေ့ နံနက်ပိုင်းတွင် ၂ ကြိမ်နှင့် နေ့လည်ပိုင်းတွင် တစ်ကြိမ်လာရောက်၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနှင့် လေယာဥ်ထိမှန်သည်ကိုလည်း ၎င်းက အတည်ပြောသည် ။
” ချပ်သင်းရဲ့တောင်ဘက် ကျွန်းလှထိတော့ ပြန်သွားတယ်။ မီးခိုးတွေထွက်သွားတယ် ။ ကျ၊ မကျကိုက အဲ ဘက်ကိုတော့ အဆက်အသွယ်မရသေးဘူး။ အခုလေးတင်ဖြစ်သွားတာဆိုတော့ “ဟု ကန့်ဘလူဒေသခံအမျိုးသားက နေ့လည် ၃ နာရီကျော်ကျော်အချိန်တွင်ပြောသည် ။
ကန့်ဘလူမြို့နယ် ချပ်သင်းပျူရွာ အထိုင်စခန်းကို ပူးပေါင်းများက ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ အများအပြားပေးနေသည့်အပြင် လေယာဥ်ပစ်ကူများဆက်တိုက်ပေးနေသောကြောင့် စခန်းသိမ်းပိုက်ရရှိရန် ဆက်လက်ထိုးစစ်ဆင်နေဆဲ ဖြစ်သည်ဟု ပူးပေါင်းတပ်များထံက သိရသည် ။
ပုံစာ-ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဟတ်ယာဉ် တစ်စီးကို ရက္ခိုင့်တပ်တော် AA က ပစ်ချထားနိုင်ခဲ့မှု ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3276
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7561