စစ်ကောင်စီက KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်အင်အားတိုးချဲ့
*************************
နန်းဆုပန်ခန့်
ဖေဖော်ဝါရီ ၈၊ ၂၀၂၄။
စစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ ၆ နယ်မြေအတွင်း ဖေဖော်ဝါရီ ၇ ရက်က စတင်၍ စစ်အင်အားတိုးချဲ့မှုများလုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။
ကျုံဒိုးမြို့ ၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့အနီး သင်္ဃန်းညီနောင်ကို မော်လမြိုင်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်များ လာရောက်အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။
မြဝတီဒေသခံအမျိုးသမီး ၁ ဦးက “ မော်လမြိုင်ဘက်ကနေပြီးတော့ ဇာသပြင်တံတားကိုဖြတ်၊ ဖောကား ၉ စီး လောက်နဲ့လာတာတွေ့တယ်။ အိန္ဒု – သာမည ဘက်ကိုလာတယ်၊ ဒီဘက် မြဝတီအထိ အင်အားတိုးလာတယ်လို့ ကြားတယ်။ ပြီးတော့ ထို့ကော်ကိုးလမ်းကနေပြီးတော့လည်း သင်္ဃန်းညီနောင်ဘက်ကို အရပ်ဝတ်တွေနဲ့ သွားတာ တွေရှိတယ်” ဟု သံလွင်ခက် ကို ပြောသည်။
အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သည် လက်ရှိတွင် ကော့ကရိတ်မြို့တွင်းရောက်ရှိနေ သည်ဟု စစ်ရေးလှုပ်ရှားနေသည့် နဂါးဖြူစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံကပြောသည်။
၎င်းက “ အဲ့လို ကားအစီးရေဘယ်ရောက်လာလဲတော့အတိအကျမသိပေမယ့် အင်အား ၁၀၀ ကျော်ထပ်တိုး ရောက်ရှိတယ် လို့ တော့ ကြားရပါတယ်ဗျ “ ဟု ပြောသည်။
ကျန်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း မြဝတီမြို့တွင် ထပ်မံအင်အားတိုးချဲ့ထားသည်ဟု ကာကွယ် ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
မြေပြင်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် ၁ ဦးက “ ဟုတ်တယ်။ ကျွန်တော်တို့ဆီကိုလည်း အင်အား ၁၀၀ ကျော် လောက်ရောက်တယ်” ဟုဆိုသည်။
ဖေဖော်ဝါရီ ၂ ရက်ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA လက်အောက်ခံ PDF ပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား ကော့ကရိတ်မြို့တွင် တိုက်ပွဲပြင်းထန်နေခဲ့ပြီး ယခုထက် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်သည်ဟု နဂါးဖြူစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ထပ်လောင်းပြောဆိုသည်။
၎င်းက “ သေချာတာက ပိုပြင်းထန်လာဖို့ရှိပါတယ်ဗျ။ ဒေသခံတွေအတွက်က သူတို့လာတဲ့လမ်းမှာ ဝေးနိုင်သမျှ ဝေးအောင်နေပေးဖို့ပဲ။ အရေးကြီးတာတွေကို သေချာထုပ်ပိုးထားစေချင်တယ် ” ဟု ဆိုသည်။
လက်ရှိတွင် ကော့ကရိတ်မြို့သာမက မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်အကြား တိုက်ပွဲဆက်လက်ဖြစ် ပွားနေသည့်အပြင် ကျုံဒိုးမြို့တွင်လည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3273
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7555