ပိတ်မိပြည်သူများအားကယ်ထုတ်နေစဉ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်
*************
ယမင်းဖူးပွင့်အောင်
ဖေဖော်ဝါရီ ၈၊ ၂၀၂၄။
ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့အတွင်းပိတ်မိနေသည့် ပြည်သူများအားကယ်ထုတ်နေစဉ် စစ် ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့တိုက်ပွဲဖြစ်ပွားချိန်ကစ၍ ယနေ့အချိန်ထိ ဇရပ်ကြီးမြို့တွင်ပိတ်မိနေသည့် ဒေသခံများကိုပရဟိတ အသင်းများက ကူညီကယ်ထုတ်ပေးနေသည့်အချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင် နေခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီး ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက ” လေကြောင်းက ခုထိလည်းကြဲနေတုန်းပဲ။ ကယ်တဲ့သူတွေတောင် လုံခြုံတဲ့နေရာတွေထဲ ဝင်ခိုနေရတယ် ” ဟု ဆိုသည်။
လက်ရှိအချိန်အထိ ဇရပ်ကြီးမြို့တွင်ပိတ်မိနေပြီး လူမှုကယ်ဆယ်ရေးအသင်းများကိုဆက်သွယ်၍နေ အိမ်၌သာ စောင့်ဆိုင်းနေရသည်ဟု ဇရပ်ကြီးဒေသခံ အမျိုးသမီး ၁ ဦးက ပြောသည်။
၎င်းက “အိမ်အောက်မှာပဲ ရှိနေတုန်းပဲ။ အသင်းကားတွေကိုတော့ ဆက်သွယ်ထားပြီ။ အခုလာမယ်လို့တော့ ပြော တာပဲ။ အခုလောလောဆယ်တော့ ၃ ဖွဲ့ခွဲပြီးနေရတယ်။ တိတ်တိတ်ကလေးပဲနေရတယ်။ ကလေးငယ်တွေနဲ့ ဆို တော့” ဟုပြောသည်။
ဖေဖော်ဝါရီ ၇ ရက်က ဇရပ်ကြီးမြို့တွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ဇရပ်ကြီးမြို့အပါအဝင် တောင်ကုန်း၊ မြို့စိုး၊ မင်းကြိုင်းရွာ နှင့် အနီးအနားကျေးရွာများက ဒေသခံထောင်ကျော် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။
မပြေးလွှားနိုင်သည့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကိုလည်း အိမ်တိုင်ရာရောက် ခေါ်ထုတ်ပေးနေရပြီး စစ်ကောင်စီတပ်၏ လေကြောင်းအန္တရာယ်ကြောင့် သွားရောက်ကယ်ဆယ်လို့မရသည့် ကျေးရွာများလည်း ရှိနေ သေးသည်ဟု ကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေသည့် အဖွဲ့များထံက သိရသည်။
ပရဟိတအသင်းဝင် အမျိုးသား ၁ ဦးက “ ဇရပ်ကြီးမြို့စွန်က ရွာတွေအထိတော့ ကျွန်တော်တို့ဝင်လို့မရဘူး။ နောက်ကလိုက်ပစ်နေတာ။ အပစ်ရပ်တဲ့အချိန်လေးဝင်ကယ်ပြီး ကျန်တဲ့သူတွေကတော့ ပြီးရင်ပြန်လာခေါ်ပေး မယ်။ ဘုန်းကြီးကျောင်းထဲ ခဏဝင်နေပေးပါဆိုပြီး နီးစပ်တဲ့ဘုန်းကြီးကျောင်းတွေထဲ ထည့်ခဲ့ရတယ်” ဟု ဆို သည်။
ကူညီကယ်ထုတ်ပေးနေသည့်အဖွဲ့များက ဇရပ်ကြီးမြို့တွင်ပိတ်မိနေသည့်ဒေသခံများကို တောင်ငူမြို့နှင့် အုတ်တွင်းမြို့ရှိ ဘုရားဝင်းများနှင့် ဘုန်းကြီးကျောင်းများထဲ နေရာချထားပေးသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အပြင် ဇရပ်ကြီးမြို့အတွင်းသို့ အင်အား ထပ်မံဖြည့်တင်းမှုများလုပ်ဆောင်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်၊ နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA၊ တပ်မဟာ ၂ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဇရပ်ကြီးရဲစခန်း၊ မြို့စိုးတံတားစစ်ဆေးရေးဂိတ်၊ ခလရ ၇၃၊ ချောင်းချားစခန်းနှင့် ရှားစေလိုးစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်က တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ပြီး ၁၀ ဦး ကျော် ဒဏ်ရာရရှိခဲ့သည့် အပြင် ဒေသခံ ၄ ဦးသေဆုံးကာ ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပုံစာ – လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မြင်တွေ့ရသည့် ဇရပ်ကြီးမြို့မြင်ကွင်း
Photo – Credit
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3271
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7551