အသံတိတ်သပိတ်တွင် ပါဝင်ခဲ့သည့် တက္ကသိုလ်ကျောင်းသားများ ဖမ်းဆီးရိုက်နှက်ခံရ
******************************
သဇင်
ဖေဖော်ဝါရီ ၈၊၂၀၂၄။
အာဏာသိမ်း ၃နှစ်ပြည့် အသံတိတ်သပိတ်လှုပ်ရှားမှုတွင် ပူပေါင်းပါဝင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး စက်မှုလက်မှုသိပ္ပံ(အင်းစိန်)ကျောင်းရှိ ကျောင်းသား ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု ကျောင်းအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံကသိရသည်။
ဖေဖော်ဝါရီ ၂ ရက် ည ၇ နာရီအချိန်ခန့်တွင် စစ်ကောင်စီက စစ်ကား ၄ စီး ၊ အင်အား ၂၀ ခန့်ဖြင့် စက်မှုလက်မှုသိပ္ပံ(အင်းစိန်)စာသင်ကျောင်းရှေ့တွင် တပ်စွဲကာ ကျောင်းဝင်းအပြင်ထွက်လာသည့် ကျောင်းသား ၆ ဦးအား ဖမ်းဆီးကာ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
ကျောင်းအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက” ၂ ရက်နေ့ ည ၇ နာရီခွဲလောက်က အဆောင်နေကျောင်းသားတချို့က အပြင်သွားကြတဲ့ချိန်မှာ ကျောင်းရှေ့နဲ့ စောင့်နေတဲ့ စစ်သားတွေက ကျောင်းအပေါက်ဝမှာတင်ပဲ ပုံစံထိုင်ခိုင်းတယ်။ ပြီးတော့ကျမှ သူတို့စိတ်ကြိုက် စစ်ဖိနပ်တွေနဲ့ကန်တယ်။ သေနတ်ဒင်တွေနဲ့ရိုက်တယ်။ အဲ့ဒီထဲက ရခိုင်လူ မျိုးကျောင်းသားတချို့ကိုလည်း မင်းတို့ရခိုင်တွေ ငါတို့ဗမာပြည်မှာ ဒါမျိုးလာလုပ်လို့မရဘူးဆိုပြီးတော့ လူမျိုးရေးခွဲခြားပြီးတော့ ဆဲဆိုပြုမူတာတွေလုပ်တယ်” ဟု ပြောသည်။
ဖမ်းဆီးနှိပ်စက်ခံရသည့် ကျောင်းသား ၆ဦးအနက် ၂ ဦး က မျက်စိမဖွင့်နိုင်သည်အထိ မျက်နှာရောင်ကိုင်းဒဏ်ရာရခဲ့ပြီး နောက်ထပ် ၁ ဦးမှာလည်း လမ်းမလျှောက်နိုင်တော့ဘဲ ပြန်တွဲခေါ်ခဲ့ရသည် ဟုသိရသည်။
ထိုကဲ့သို့ ကျောင်းသားများအပေါ် အကြမ်းဖက်ခဲ့သည့် စစ်ကောင်စီ၏လုပ်ရပ်သည် အခြေခံလူ့အခွင့်အရေးဖြစ်သော လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ချိုးဖောက်ရာရောက်ပြီး လွတ်လပ်စွာ ပညာသင်ကြားခွင့်နှင့် ဘဝလုံခြုံရေးကိုပါ ခြိမ်းခြောက်စော်ကားခြင်းဖြစ်သည်ဟု ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ထောက်ပြသည်။
ထိုဖြစ်စဉ်တွင် ကျူးလွန်ခံရသူများသည် လက်ရှိ စစ်ကောင်စီ ဖွင့်လှစ်ထားသည့်ကျောင်းကို အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နေရသူများဖြစ်သော်လည်း တော်လှန်ရေးလုပ်ငန်းစဉ်များတွင် တနည်းတဖုံဖြင့် ပါဝင်နိုင်ရန် ကြိုးစားရုန်းကန်ခဲ့ခြင်းဖြစ်သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအမှုဆောင် ၁ ဦးက ဆိုထားသည်။
၎င်းက “ဒီကျူးလွန်ခံရသူတွေဟာ လက်ရှိစကစကျောင်းကို အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နေရသူတွေဖြစ်တယ်။ ဒါပေမယ့် သူတို့အနေနဲ့ တော်လှန်ရေးဖြစ်စဉ်တွေမှာ တနည်းတဖုံနဲ့ ပါဝင်နိုင်ဖို့ ကြိုးစားကြတဲ့ ရုန်းကန်မှုလို့ ကျွန်တော်တို့အနေနဲ့ နားလည်တယ်။ ဒါကိုကြည့်ရင် စကစကျောင်းတက်နေသူတိုင်းက စကစကို ထောက်ခံအားပေးနေသူတွေ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ ရန်သူစကစဘက်မှာ မရှိတဲ့သူကို ကျွန်တော်တို့က ရန်သူလို့ သတ်မှတ်မရဘူး။ ဒီလိုအင်အားစုတွေက ကျွန်တော်တို့ စည်းရုံးရမယ့် အစိတ်အပိုင်းတွေလို့ မြင်ပါတယ်”ဟု ဆိုသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်တွင် စက်မှုလက်မှုသိပ္ပံ (အင်းစိန်)စာသင်ကျောင်းရှိ ကျောင်းသားများအား သမဂ္ဂအဖွဲ့ဝင်များက အသံတိတ်သပိတ်၌ ပူးပေါင်းပါဝင်ရန် စည်းရုံးလှုံဆော်ခဲ့သည်။
ထိုကဲ့သို့ စည်းရုံးလှုံ့ဆော်သည့် စာများသည် စစ်ကောင်စီ လော်ဘီတယ်လီဂရမ်ချန်နယ် ၁ ခုဖြစ်သည့် “သဇင်ဦး” တွင် ပေါက်ကြားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ”သဇင်ဦး”ချန်နယ်တွင် အသံတိတ်သပိတ်၌ ပါဝင်သည့် ကျောင်းသားပျက်ကွက်စာရင်း နှင့် လိပ်စာ၊ ဓာတ်ပုံများကို ကြေညာမည်ဟု ခြိမ်းခြောက်ရေးသားခဲ့သည်။
စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်များတွင် အသံတိတ်သပိတ်နှင့် ပတ်သက်၍ ခြိမ်းခြောက်မှုများရှိသော်လည်း ယင်းလှုပ်ရှားမှု၌ ကျောင်းသား၊ ကျောင်းသူ အများအပြား ပါဝင်ခဲ့သည်ဟု ကျောင်းအသိုင်းအဝိုင်းနှင့် နီးစပ်သူ ၁ ဦးက ဆိုသည်။
၎င်းက ” ၁ ရက်နေ့မတိုင်ခင်က ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့တွေကလည်း ဌာနမှူးတွေကို အသီးသီးဖိအားပေးပြီး ကျောင်းသားတွေကို ကျောင်းမဖြစ်မနေ တက်ဖို့ ဖိအားပေးခဲ့တာရှိတယ်။ ဒါပေမယ့်ကျွန်တော်တို့ ကြိုတင်စီစဉ်ထားတဲ့အတိုင်းပဲ ၁ ရက်နေ့မှာ ကျောင်း သားတွေ ကျောင်းမလာကြဘူး။ တချို့မေဂျာတွေဆိုရင် မေဂျာ ၃၊ ၄ ခုလောက်က အတန်းပိတ်ထားရတဲ့အခြေ အနေထိဖြစ်ခဲ့တယ်”ဟုဆိုသည်။
စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်နေ့ အာဏာသိမ်းမှု ဆန့် ကျင်ရေးလှုပ်ရှားမှုတွင် နိုင်ငံတဝန်းက ပြည်သူများလည်း အသံတိတ်သပိတ်၌ ပါဝင်ခဲ့ကြသည်။
ထိုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသူများကို ရုပ်သံဖိုင်နှင့် မှတ်တမ်းများရယူပြီး အရေးယူပေးရန် စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များ၌ လှုံ့ဆော်ရေးသားခဲ့ကြသည်။
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းကာလ ၃ နှစ်အတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၂၆,၀၁၃ ဦးရှိခဲ့ပြီး ယင်းအနက် ၂၀,၀၆၀ ဦး ထိန်းသိမ်းခံရဆဲဖြစ်ကာ ၈,၇၆၆ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရသည် ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
ပုံစာ – စက်မှုလက်မှုသိပ္ပံ (အင်းစိန်) GTI ကျောင်းမြင်ကွင်း။
Photo – CJ
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3267
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7548