Saw Smith
ဖေဖော်ဝါရီ ၄ ၊ ၂၀၂၄ ။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီအလိုကျ ပြုလုပ်ခဲ့သော ဘာသာရေးဆန္ဒပြပွဲများတွင် ပအိုဝ်းပြည်သူသောင်းချီပါဝင်ပေးခဲ့သော်လည်း ပအိုဝ်းပြည်သူများ အထွဋ်အမြတ်ထားရာ ဘာသာရေးအဆောက်အဦးများမှာ စစ်ကောင်စီ၏ လေကြောင်းမှဗုံးကြဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းများကြောင့် များစွာပျက်စီးနေရသည်။
ပအိုဝ်းဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းမှဗုံးကြဲခြင်း ၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခြင်းကြောင့် ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ရသည်ဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က ယနေ့တွင် သတင်းထုတ်ပြန်သည် ။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ထိန်းချုပ်ထားသည့် သထုံႏပေႏ(ဆီဆိုင်)မြို့ကို ယနေ့အထိ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်နေလျက်ရှိသည်ဟု ဆိုသည်။
ဖေဖော်ဝါရီလ ၂ ရက်တွင်လည်း မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီသည် တနေကုန်တနေခန်း သထုံႏပေႏ(ဆီဆိုင်)မြို့ကို လက်နက်ကြီးများ ၊ လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကြဲမှု ပြုလုပ်သောကြောင့် မြို့ဂုဏ်ဆောင် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီး အဆောက်အဦး အချို့ပျက်စီးခဲ့ရသည်။
ဇဝနာရာမပရိယတ္တိစာသင်တိုက်သည် သံဃာတော် ၅၀၀ ကျော်ကို ဗုဒ္ဓစာပေများ သင်ကြားပေးကာ အေးချမ်းစွာ သာသနာပြုနေသည့် ပအိုဝ်းဒေသအတွင်းရှိ အကြီးမားဆုံး စာသင်တိုက်ဖြစ်ကာ ပအိုဝ်းတမျိုးသားလုံး အထွဋ်အမြတ်ထားကိုးကွယ်သည့် ဘုန်းတော်ကြီးကျောင်းဖြစ်သည်။
ပအိုဝ်းတမျိုးသားလုံး အထွဋ်အမြတ်ထားကိုးကွယ်သည့် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီးကို စစ်ကောင်စီမှ ဗုံးကြဲဖျက်စီးခြင်းသည် လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကို ဖျက်စီးသည့်လုပ်ရပ်ဖြစ်ပြီး ပအိုဝ်းတမျိုးသားလုံး၏ နှလုံးသည်းအူကို မီးရှို့သည့်လုပ်ရပ်ပင်ဖြစ်သည်ဟု PNLA က သတိပေးထားသည်။
ပအိုဝ်းပြည်သူများသည် စစ်အာဏာရှင်အောက်၌ နှစ်ပေါင်းများစွာရှိနေခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ကောင်စီအလိုကျ ဆောင် ရွက်နေသည့် ပအိုဝ်းအဖွဲ့အစည်း၏ သြဇာလွှမ်းမိုးမှုအောက်၌ ရှိနေသောကြောင့် ဘာသာရေးအဆောက်အဦးများစွာ ဖျက်ဆီးခံနေရသော်လည်း တုံ့ပြန်မှုအားနည်းနေရခြင်းဖြစ်သည်ဟု ပအိုဝ်းနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
” ပြည်သူလူထု ဆိုတာက နီးစပ်ရာ တအားကြောက်နေရတဲ့ အနေအထားမှာရှိတော့ ဆီဆိုင်မြို့နယ်မှာ ဖျက်ဆီးခံနေရတဲ့သာသနာအဆောက်အဦးတွေနဲ့ပတ်သက်ပြီးတော့မှ အခုချိန်ထိ ပေါ်ပေါ်ထင်ထင် အဲလိုမျိုး တုံ့ပြန်ပြောဆိုတာ မရှိသေးတာကိုတွေ့ရတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ပအိုဝ်းပြည်သူများ အကြီးမားဆုံး ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ စိန်ခေါ်မှုများနှင့် ပတ်သက်၍လည်း ၎င်းက ” ပအိုဝ်းအဖွဲ့အစည်းတွေမှာပြည်သူလူထုကို အကြောက်တရားနဲ့အုပ်ချုပ်နေတယ်။ အခြားတစ်ဖက်မှာ သတင်းအမှောင်ချထားတဲ့အပိုင်းတွေရှိတယ်။ ဘာသာရေးမှိုင်းတိုက်ခံနေရတာရှိတော့ ကိုယ်ကိုယ်တိုင် ကိုးကွယ်ယုံကြည်ထားတဲ့ အထွဋ်အမြတ်ထားတဲ့ ဘာသာသာ့သနာအဆောက်အဦးတွေ အဖျက်ဆီးခဲလိုက်ရတော့ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ပြည်သူလူထုအနေနဲ့က သူတို့ကျော်လွှားရမယ့်အရာက ကိုယ့်လူမျိုးရဲ့ အဖွဲ့အစည်းကြီးဖြစ်နေတယ်ပေါ့ “ဟု ပြောသည် ။
အထူးဒေသ(၆)၊ ပအိုဝ်းပြည်နယ်တွင် ပင်းလောင်း၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်များပါဝင်ပြီး စစ်ကောင်စီလက်အောက်ခံ PNO/PNA ပြည်သူ့ စစ် အဖွဲ့အစည်းက လက်ရှိအာဏာသိမ်းကာလအတွင်း၌ ပအိုးဝ်းပြည်သူ သောင်းချီပါဝင်သည့် ဘာသာရေးဆန္ဒပြပွဲများပြုလုပ်ခဲ့သည် ။
ထို့ပြင် လက်ရှိ ပအိုဝ်းဒေသ၌ စစ်ရေးတင်းမာနေသည့်အခြေအနေတွင်လည်း ပအိုဝ်းဒေသ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်ဟုဆိုကာ ပအိုဝ်းလူငယ်သောင်းချီကို လက်နက်တပ်ဆင်ပေးခြင်း၊ ပြည်သူ့စစ်ဖွဲ့စည်းခြင်းများ လုပ်ဆောင်နေသည် ။
” ပအိုဝ်းလူမျိုးတွေက စဉ်းစားတွေးခေါ်နိုင်စွမ်း ကန့်သတ်ခံရတဲ့ လူမျိုးဖြစ်ပြီး ပြည်သူတွေဆိုရင် လက်ရှိဖြစ်နေတာကို အလုံးစုံ သူတို့မသိဘူး၊၊ မသိအောင်လည်း ကန့်သတ်ထားတဲ့ PNOလို အဖွဲ့အစည်းက ရှိနေတယ် ” ဟု ပင်လောင်းမြို့နယ်က ပအိုဝ်းတော်လှန်ရေးလူငယ် ခွန်မွန်ဗန်က ပြောသည် ။
စစ်ကောင်စီက ဆီဆိုင်မြို့နယ်အတွင်း၌ ဘာသာရေးအဆောက်အဦးများစွာ ဖျက်ဆီးနေခြင်းနှင့်ပတ်သက်၍ PNO အဖွဲ့အစည်းထံ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းနေသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
စစ်ကောင်စီသည် ပြီးခဲ့သောနှစ် မတ်လ ၁၁ ရက်တွင်လည်း ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာဘုန်းကြီးကျောင်းရှိ သံဃာတော်များအပါအဝင် ပြည်သူ ၃၀ နီးပါးကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့ပြီး ပအိုဝ်းလူထုနှင့် ကရင်နီလူထုကြား၊ ဗုဒ္ဓဘာသာနှင့်
ခရစ္စယာမ်ဘာသာကြား ပဋိပက္ခဖြစ်အောင် ပအိုဝ်းပြည်သူသောင်းချီပါဝင်သည့် လူထုဆန္ဒပြပွဲကိုပင် တောင်ကြီး၌ ပြုလုပ်ခဲ့သည် ။
လူမျိုးအချင်းချင်းပြန်တိုက်ခိုက်ခိုင်းမှု ၊ လူမျိုးစုများအကြား သွေးခွဲသပ်လျှိုမှု၊ ဘာသာရေးဝါဒမှိုင်း တိုက်မှုစသည့် စစ်အုပ်စုက ခေတ်အဆက်ဆက်ကျင့်သုံးခဲ့သည့် နည်းလမ်းဟောင်းများကို စစ်ကောင်စီက တွင်တွင်ကျယ်ကျယ်အသုံးပြုနေဆဲဖြစ်သည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌ ဦးခွန်ထွန်းမြင့်ကပြောသည်။
” အခုလက်ရှိအခြေအနေမှာ ပအိုဝ်းအဖွဲ့အစည်းအချင်းချင်းကြားမှာ၊ ပအိုဝ်းပြည်သူတွေကြားမှာ သွေးကွဲအောင် လုပ်နေသလိုပဲ ပအိုဝ်းလူနယ်တွေကို စစ်တပ်က သေနတ်တွေ ထုတ်ပေးနေတယ်။ ဒါကတော့သူတို့တွေရဲ့ အင်မတန်ဟောင်းနွမ်းနေတဲ့ နည်းလမ်းဟောင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာဖြစ်ပါတယ် “ဟု ၎င်းကပြောသည် ။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၃ လကျော်ကာလအတွင်း တပ်စခန်းပေါင်း ရာချီနှင့် မြို့များ တစ်ခုပြီးတစ်ခု လက်လွတ်ဆုံးရှုံးနေရသောစစ်ကောင်စီသည် တပ်သားသစ် အဓမ္မစုဆောင်းခြင်းများကို ပအိုဝ်းဒေသအပါအဝင် နေရာအနှံ့ပြုလုပ်နေသည်။
ထို့ပြင် တော်လှန်ရေးအဖွဲ့အစည်းများကို ပြည်သူလူထုက အထင်အမြင်လွဲမှားစေမည့် ဘာသာရေးထောက်ခံပွဲများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပြီး ပြီးခဲ့သော ဇန်နဝါရီလတစ်လအတွင်း၌ပင် တောင်ကြီးမြို့အပါအဝင် မြို့ပေါင်း ၄၀ကျော်တွင် ဘာသာရေးဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3235
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7490