- ရခိုင်၌ စစ်ရဟတ်ယာဥ်တစ်စီးကို AA ပစ်ချ
********************
Saw Smith
ဖေဖော်ဝါရီ ၄ ၊ ၂၀၂၄ ။
ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း၌ လေကြောင်းပစ်ကူ အများအပြားအသုံးပြုနေ့သည့် စစ်ကောင်စီ၏ တိုက်ခိုက်ရေး ရဟတ်ယာဥ်တစ်စီးကို ရက္ခိုင့်တပ်တော် AA က ပစ်ချနိုင်ခဲ့သည်ဟု AA နီးစပ်သူများထံက သိရသည်။
၁၀ ၂၇ စစ်ဆင်ရေး ၁၀၀ ပြည့်အဖြစ် တိုက်ပွဲသတင်းများကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ရာ၌ ပျက်ကျနေသည့် ရဟတ်ယာဥ်အကျိုးအပဲ့နှင့်အတူ အောင်ပွဲခံနေသည့် AA တပ်ဖွဲ့ဝင်ပုံကို ဖော်ပြလာသည်။
ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ယမန်နေ့ ညပိုင်းထုတ်ပြန်ချက်၌ ရခိုင်ပြည်နယ်တွင် ထိုးစစ်များကိုဆက်လက်ဆင်နွှဲနေသည်ဟုဖော်ပြထားပြီး ရဟတ်ယာဥ် ပစ်ချနိုင်သည့် ရက်စွဲ၊ နေရာများနှင့် သတင်းအချက်အလက်များကို မဖော်ပြထားပေ။
ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီက စစ်ရေးပစ်မှတ်များအပြင် အရပ်သားပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှုများပိုမိုပြုလုပ်နေသောကြောင့် ရဟတ်ယာဥ်ပစ်ချနိုင်မှုသတင်းကို ထိန်ချန်ထားခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
ရက္ခိုင့်တပ်တော် AA အရာရှိများနှင့်နီးစပ်သည့် ရခိုင်စစ်ရေးသတင်းအမြစ်တစ်ဦးကလည်း အဆိုပါရဟဥ်ယာဥ် ပစ်ချနိုင်မှုသည် ရှမ်းမြောက်ပိုင်းဘက်တွင်မဟုတ်ဘဲ ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း၌ ဖြစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော် AA ၏ နယ်မြေ ၃ အတွင်းဖြစ်သည်ဟု အတည်ပြုပြောကြားသည်။
ရက္ခိုင်တပ်တော် AA သည် ပြီးခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစ၍ ချင်းပြည်နယ် ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ် စစ်ဆင်ရေးကိုဆင်နွှဲနေခဲ့ရာ ပလက်ဝမြို့၊ ပေါက်တာမြို့နှင့် မင်းပြားမြို့တို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
ထိုပြင် ဗျူဟာကုန်းများအပါအဝင် တပ်စခန်းပေါင်း ၂၀၀ ကျော်အထိသမ်းပိုက်ထားနိုင်သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
ရခိုင်ပြည်နယ်စစ်ဆင်ရေးအတွင်း၌ ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော် ၊ မြောက်ဦး၊ ပေါက်တော၊မင်းပြား၊မြေပုံ၊ ပုဏ္ဏာကျွန်း၊ ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ အမ်း နှင့် ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူ ၊ ရမ်းဗြဲ မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားနေခဲ့သည် ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3222
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7469