ပအိုဝ်းလူငယ်သောင်းချီ လက်နက်တပ်ဆင်ပေးမှုနှင့်စစ်သားအလောင်း ၅၀
****************************
(စစ်ကောင်စီကိုတန်ပြန်မယ့် လက်နက်တွေဖြစ်လာပါလိမ့်မယ် )
Saw Smith
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၄ ။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၅၀ ခန့်တွေ့ရှိပြီး လက်နက် ၅၀ ခန့်ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ယမန်နေ့၌ သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ရက်မှ ၂၆ ရက်ထိ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်များနှင့် PNLO တပ်၊ မဟာမိတ်တပ်များ နေ့စဥ် ပြင်းထန်တိုက်ပွဲများဖြစ်ပွားခဲ့သည်။
နိုင်ငံအနှံ့စစ်မျက်နှာဖွင့်ထားရချိန် ရှမ်းတောင်ပိုင်း၌လည်း တိုက်ပွဲများဖြစ်လာပြီး စစ်ရေးတင်းမာနေသည့်အခြေအနေတွင် စစ်ကောင်စီသည် ပအိုဝ်းပြည်သူအချင်းချင်းပြန်တိုက်စေရန် အစီအစဥ်ချလာသည်။
စစ်ကောင်စီနှင့် PNO/PNA ပြည်သူ့စစ်က ဇန်နဝါရီ ၂၉ ရက်တွင် လက်နက်၊ခဲယမ်း အမြောက်အများနှင့်အတူ
ပအိုဝ်းလူငယ်တချို့ကို လက်နက်များပေးအပ်ခဲ့ပြီး အထူးဒေသ(၆)၊ ပအိုဝ်းပြည်နယ် ငြိမ်းချမ်းရေး၊ လုံးခြုံရေးအတွက်ဟုဆိုကာ ပအိုဝ်းပြည်သူ သောင်ချီကို လက်နက်တပ်ဆင်ပေးမည်ဟု ပြောဆိုခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA ခေါင်းဆောင်များအနေဖြင့် စစ်အာဏာရှင်လက်အောက်က မလွန်မြောက်နိုင်၊မရုန်းထွက်နိုင်ဖြစ်နေသည့် အချိန်၌ ပအိုဝ်းပြည်သူများကို ဖိအားပေးလာခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူက ထောက်ပြသည် ။
PNO ခေါင်းဆောင်များ၏ ဖိအားပေးလာမှုအပေါ် ပအိုဝ်းလူထုကလည်း ချက်ချင်းရုန်းထွက်ရခက်နေသဖြင့် ကြောက်ကြောက်ဖြင့်လုပ်နေရသည့် အခြေအနေသာဖြစ်သည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌ ဦးခွန်ထွန်းမြင့်ကပြောသည် ။
” အခုကတော့ စစ်ကောင်စီက ပေးတဲ့ သေနက်တွေကို ကြောက်ကြောက်နဲ့ယူထားရတာပေါ့။ သူတို့ကလည်း ကျွန်တော်တို့အချင်းချင်းတိုက်ဖို့မရှိပါဘူး။
ဒီလက်နက်တွေက တချိန်ကျရင် စစ်ကောင်စီကို တန်ပြန်မယ့် လက်နက်တွေဖြစ်လာပါလိမ့်မယ် “ဟု ၎င်းကပြောသည် ။
အထူးဒေသ(၆)၊ ပအိုဝ်းပြည်နယ်တွင် ပင်လောင်း၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်များပါဝင်ပြီး ပအိုဝ်းလူငယ်အမျိုးသားများကို စစ်ကောင်စီက လက်နက်များတပ်ဆင်ပေးနေသည်။
စစ်ကောင်စီသည် ပြီးခဲ့သောနှစ် မတ်လ ၁၁ ရက်တွင်လည်း ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာဘုန်းကြီးကျောင်းရှိ သံဃာတော်များအပါအဝင် ပြည်သူ ၃၀ ဝန်းကျင်ကို အစုအလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီးပအိုဝ်းလူထုနှင့် ကရင်နီလူထုကြား၊ ဗုဒ္ဓဘာသာနှင့်
ခရစ္စယာမ်ဘာသာကြား ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ဖန်တီးခဲ့သည်။
လူမျိုးအချင်းချင်းပြန်တိုက်ခိုက်ခိုင်းမှု ၊ လူမျိုးစုများအကြား သွေးခွဲသပ်လျှိုမှု၊ ဘာရေးဝါဒမှိုင်း တိုက်မှု စသည့် စစ်ကောင်စီ၏ လုပ်ရပ်များသည် စစ်အုပ်စုက ခေတ်ဆက်ဆက်ကျင့်သုံးခဲ့သည့် နည်းလမ်းဟောင်းများသာဖြစ်သည့်အတွက် လက်ရှိနွေဦးတော်လှန်ကာလအတွင်း အသုံးမဝင်တော့ဟု ဦးခွန်ထွန်းမြင့်ကပြောသည်။
” အခုလက်ရှိအခြေအနေမှာ ပအိုဝ်းအဖွဲ့အစည်းအချင်းချင်းကြားမှာ၊ ပအိုဝ်းပြည်သူတွေကြားမှာ သွေးကွဲအောင် လုပ်နေသလိုပဲ ပအိုဝ်းလူငယ်တွေကို စစ်တပ်က သေနက်တွေ ထုတ်ပေးနေတယ်။ ဒါကတော့သူတို့တွေရဲ့ အင်မတန်ဟောင်းနွမ်းနေတဲ့ နည်းလမ်းဟောင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းကြားမှာ ညီညွတ်မှုနဲ့ရပ်ခံနိုင်မှုက အရေးကြီးပါတယ် ။ ကျွန်တော်တို့ရပ်ခံနိုင်ကြမယ်လို့ ယုံကြည်ပါတယ် “ဟု ၎င်းကပြောသည် ။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၃ လကျော်ကာလအတွင်း တပ်စခန်းပေါင်း ရာချီနှင့် မြို့များ တစ်ခုပြီးတစ်ခု လက်လွတ်ဆုံးရှုံးနေရသောစစ်ကောင်စီသည် တပ်သားသစ်များ အဓမ္မစုဆောင်းခြင်းများကို ပအိုဝ်းဒေသအပါအဝင် နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာသည်။
” ရက်တိုသင်တန်းနဲ့ပိုလိုက်တဲ့သူတွေကို ရှေ့တန်းက အရာရှိတွေက မယုံကြည်ကြဘူး။ စစ်ကြောင်းထွက်ချိန် ကျည်တောင်မထိုးခိုင်းဘူး။ အဲတော့ တပ်သားသစ်တွေက သေဖို့လွှတ်လိုက်တာဆိုတာကို အားကသိနေကြတယ်။ တိုက်ချင်စိတ်လည်းမရှိဘူး။ အခွင့်အရေးရတာနဲ့ထွက်ပြေးဖို့ပဲစောင့်နေကြတာ ” ဟု တပ်မ ၄၄ ကနေ ပြီးခဲ့သောလတွင် ထိုင်းနယ်စပ်ဘက် ထွက်ပြေးလွတ်မြောက်လာသည့် တပ်သားသစ်ဇင်မြတ်ရှိုင်းကပြောသည်။
စစ်ကောင်စီက လက်နက်တပ်ဆင်ပေးခြင်းနှင့် တပ်သားသစ်များစုဆောင်းနေခြင်းများပြုလုပ်နေသော်လည်း အဆိုပါတပ်သားသစ်များမှာ အတွေ့အကြုံမရှိခြင်းနှင့် တိုက်ခိုက်လိုစိတ်မရှိခြင်းတို့ကြောင့် စစ်ကောင်စီအတွက် အင်အားများတစ်စုံတရာ ဖြစ်လာမည်မဟုတ်ဟု တပ်မတော်သား CDM အရာရှိများက ပြောဆိုသည် ။