ဖမ်းဆီးထားသောစစ်သုံ့ပန်းများအား KNDO ထံလွှဲပြောင်းပေးအပ်
*******************
နန်းဆုပန်ခန့်
ဖေဖော်ဝါရီ ၁၊ ၂၀၂၄။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ဖမ်းဆီးမိသော စစ်သုံ့ပန်းများကို KNDO ထံလွှဲပြောင်းပေးအပ်ခဲ့သည်ဟု ကျားဖြူစစ်ကြောင်းကထုတ် ပြန်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်တွင် ကျားဖြူစစ်ကြောင်း တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၆ ၊ နယ်မြေခံပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကျားဖြူစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၈ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီလ ၃၀ ရက်တွင်လည်း ကျားဖြူစစ်ကြောင်း တပ်ခွဲ ၃ ၊ ဂဠုန်စစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့များက ကော့ကရိတ်မြို့နယ်အတွင်း နယ် မြေရှင်းလင်းရေးပြုလုပ်နေစဉ်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် စကခ – ၁၂ က စစ်သား ၃ ဦးတို့အားဖမ်းဆီးရမိခဲ့ရာ KNDO တပ်ရင်း ၆ ထံ သုံ့ပန်းဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တော်လှန်ရေးပူးပေါင်းတပ်များက ကော့ကရိတ်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်း၊ ယာယီစခန်းများကို စတင်တိုက်ခိုက်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်ကစ၍ ကော့ကရိတ်မြို့ကို စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲခြင်းများ နေ့စဥ်ကျူးလွန်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
ဒေသခံပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ကော့ကရိတ်မြို့နယ်တွင်းရှိ နေရပ်များထံမပြန်ကြသေးရန်နှင့် စစ်ကောင်စီစစ်ကြောင်းများကိုရှောင်ရှားရန် ကာကွယ်ရေးရဲဘော်များက သတိပေးတိုက်တွန်းထားသည်။
ဓာတ်ပုံ – ကျားဖြူစစ်ကြောင်း