သံလွင်ခက်
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၄ ။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဟုမ်းရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၇ ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ
သိရသည် ။
ပြီးခဲ့သည့်ရက်ပိုင်း ဇန်နဝါရီ ၂၉ ရက်၊ နေ့လည်ပိုင်းတွင် စစ်ကောင်စီက ဟုမ်းရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။
အဆိုပါဗုံးကြဲမှုကြောင့် မင်းတပ်မြို့နယ်မှ ၆ ဦးအပါအဝင် ပြည်သူ၇ ဦးသေဆုံးခဲ့ပြီး ထိုသေဆုံးမှုနှင့်ပတ်သက်၍ မင်းတပ် CDF ၏ သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာန ဌာနမှူး ကိုဇလပ်သွေးက ” အတည်ပြုပါတယ်။ ကြုတ်ရွာကလူငယ်လေးတွေပါ “ဟု ပြောသည် ။
ဟုမ်းရွာသည် မင်းတပ်-မတူပီ- ပလက်ဝနယ်စပ်ရှိ CDF များ ထိန်းချုပ်ရာ နယ်မြေဖြစ်ပြီး မင်းတပ်မြို့နယ်မှ လူငယ်များသည် ဆီကိစ္စဖြင့် ဟုမ်းရွာဘက်သွားရောက်
ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည် ။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ကလည်း ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်ထားသည် ။
ထုတ်ပြန်ချက်၌ ဇန်နဝါရီလ ၂၉ ရက်၊ နေ့လည် ၁ နာရီအချိန်ခန့်တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ
ပလက်ဝ မြို့နယ်၊ ဟုမ်းရွာအား စစ်ကောင်စီက လေကြောင်းမှ ၃ ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ရခိုင်ပြည်နယ် ထိုးစစ်ကိုဆင်နွှဲနေသည့် ရက္ခိုင့်တပ်တော် AAသည် ရခိုင်ပြည်နယ်မြောက်ပိုင်းအတွက် စစ်ရေးအရ အရေးပါသည့် ချင်းပြည်နယ် ပလက်ဝမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယအပတ်တွင်း၌ ထိန်းချုပ်ထားနိုင်ခဲ့သည်ဟု
ထုတ်ပြန်ထားသည်။
ပုံစာ-ပလက်ဝမြို့နယ်၊ ဟုမ်းရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ်တွင် သေဆုံးခဲ့သူများအား သယ်ဆောင်လာမှု ။