စစ်ကောင်စီက ပအိုဝ်းပြည်သူ့စစ်များကို ကပစထုတ်လက်နက်များဖြည့်တင်းပေး
*******************
ကောင်းချစ်အောင်
ဇန်နဝါရီ ၂၉၊ ၂၀၂၄။
ရှမ်းပြည်တောင်ပိုင်း၌ စစ်ရေးတင်းမာနေချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များကို တန်ပြန်တိုက်ခိုက်ရန် စစ်ကောင်စီ က စစ်ကောင်စီကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ထုတ်လက်နက်များကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ စစ်အဖွဲ့အဟ ပအိုဝ်းအမျိုးသားတပ်မတော် – PNA အား ဖြည့်တင်းပေးနေသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်က ဟိုပုံးမြို့နယ် စံဖူးရွာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် / ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် – PNLO/ PNLA ကတစ်ဖက်၊ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူစစ် PNO က တစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရှမ်းပြည် နယ်တောင်ပိုင်းတွင် တစ်ကျော့ပြန်တိုက်ပွဲများ ပြင်းထန် လာခြင်းဖြစ်သည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် / ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLO/ PNLA အနေ ဖြင့် စစ်ကောင်စီကိုသာ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပအိုဝ်းအချင်းချင်း မတိုက်ခိုက်လိုကြောင်း အသိပေးခဲ့သော် လည်း လက်ရှိအချိန်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်ကို စစ်ကောင်စီက လက်နက်ခဲယမ်း အများအပြားဖြည့်တင်းပေးနေပြီး တော်လှန်ရေးတပ်ဖွဲ့များကို ပြန်လည်တိုက်ခိုက်သွားရန် ပြင်ဆင်နေခြင်းဖြစ် သည်။
PNO / PNA က ယနေ့ထုတ်ပြန်သည့်ဓာတ်ပုံများတွင် ကပစ ထုတ်လက်နက်ငယ်များ၊ လက်နက်ကြီးများကို အစီအရီထောင်လျက် ပြသထားသည့်အပြင် ခဲယမ်းသေတ္တာအများအပြားကိုလည်း ဖော်ပြထားသည်။
စစ်ကောင်စီထုတ် MA Series ရိုင်ဖယ်သေနတ်များကို ဝါးလုံးရှည်သုံးတန်းဖြင့် အစီအရီ ခင်းကျင်းပြသထားပြီး ခန့်မှန်းခြေ အလက် ၁၀၀ နီးပါးရှိသည်ကို တွေ့ရသည့်အပြင် ပုခုံးထမ်းလောင်ချာအချို့နှင့် ၆၀ မမ စိန်ပြောင်းများ လည်း ပါရှိသည်။
MA Series ရိုင်ဖယ်များကို နေပြည်တော်အနီး တပ်ကုန်းမြို့ရှိ ကပစ-၁ နှင့် ရန်ကုန်တိုင်း၊ တိုက်ကြီးရှိ ကပစ-၁၁ တွင် အဓိကထုတ်လုပ်သည်။
လက်ရှိအချိန်တွင် PNLA နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့မြောက်ဘက်ရှိ ခမရ – ၄၂၄ တပ်ရင်း၊ မြို့နယ် ထွေ/အုပ်ရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ပအိုဝ်းပြည်သူ့စိတ် ဂိတ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
ဓာတ်ပုံ – PNA
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3188
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7351