မြဝတီသင်္ဃန်းညီနောင်တွင် ရဟတ်ယာဉ်တစ်စီးကိုပစ်ချ ၊ တပ်မမှူးနှင့်လေယာဥ်မှူးတို့ သေဆုံးဟုဆို
*****************************
နန်းဆုပန်ခန့်
ဇန်နဝါရီ ၂၉ ၊ ၂၀၂၄ ။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်တွင် တပ်မမှူး အပြောင်းအလဲလုပ်စဥ် ရဟတ်ယာဥ်တစ်စီးကို တော်လှန်ရေးပူးပေါင်း စစ်ကြောင်းများက ပစ်ချလိုက်နိုင်သည်ဟု သိရသည် ။
ယနေ့ နေ့လည်ပိုင်းတွင် ရဟတ်ယာဉ်နှစ်စီး သင်္ဃန်းညီနောင်ရှိ ခမရ ၃၅၅ တပ်သို့တပ်ချိန်းရန်လာသည့်အချိန်၌ ပစ်ချနိုင်ခြင်းဖြစ်သည်ဟု KNLAနှင့် PDF ပူးပေါင်း စစ်ကြောင်းများထံမှ သိရသည် ။
” လေယာဥ်အတက်အဆင်းလုပ်တဲ့အချိန်မှာ တိုက်ခိုက်တာပေါ့။ ပွိုင့်၅ ရယ် ၊ စနိုက်ပါရယ်၊ လက်နက်ကြီးရယ်၊ ဒရုန်းတွေနဲ့ ပစ်တာ။ ပွိုင့်၅ နဲ့ စနိုက်ပါထိပြီး သူ့ကွင်းအဆင်းမှာ ဒဲ့ပြုတ်ကျတာ “ဟု ကော်ဘရာစစ်ကြောင်း ၁၊ တပ်ခွဲ ၄၊ ဒုခွဲမှူးက ပြောသည်။
လေယာဥ်ပြုတ်ကျစဥ် တော်လှန်းရေးပူးပေါင်းတပ်များက လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ထပ်မံတိုက်ခိုက်ရာ ဒဏ်ရာရရှိနေသော တပ်မမှူးနှင့် လေယာဥ်မှူးတို့ပါသေဆုံးခဲ့သည်ဟု တပ်တွင်းဖရဲသီးသတင်းပေးပို့မှုအရ သိရကြောင်း၎င်းက ဆက်လက်ပြောကြားသည် ။
အဆိုပါ လေယာဥ်ပြုတ်ကျမှုတွင် တပ်မ ၄၄ တပ်မမှူး ဗိုလ်ချုပ် အေးမင်းနောင်နှင့် လေယာဥ်မှူးတို့သေဆုံးသည်ဟု PDF ရဲဘော်တချို့က ပြောဆိုကြပြီး သံလွင်ခက်အနေဖြင့် သီးခြားအတည်ပြု၍ နိုင်ခြင်းမရှိသေးပေ။
သင်္ဃန်ညီနောင်တွင် ခမရ ၃၅၅ ၊ ၃၅၆ ၊ ၃၅၇ တပ်များရှိပြီး ယနေ့နေ့လည် ၂နာရီခန့်တွင် ရဟတ်ယာဥ် နှစ်စီးလာရောက်ပြီး တစ်စီးသာ ပြန်ထွက်သွားသည်ဟု သင်္ဃန်းညီနောင်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3187
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7351