လေယာဥ်၊ လက်နက်ကြီးတို့ကြောင့် မူးဒေသခံများ သေဆုံး၊ ဒဏ်ရာရရှိမှု ဆက်တိုက်ဖြစ်နေ
******************************
နန်းဆုပန်ခန့်
ဇန်နဝါရီ ၂၆ ၊ ၂၀၂၄ ။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၃၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်သည် ။
ပြီးခဲ့သည် ဇန်နဝါရီလ ၂၄ ရက်တွင် ကညွတ်ကွင်းအခြေ စိုက် စစ်ကောင်စီတပ် ခမရ ၄၃၉ က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ ရေတွင်းကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲဲပြီး အသက် ၃၂ နှစ် အရွယ် စောထက်လင်း သေဆုံး၍ အသက် ၅၀ နှစ်အရွယ် စောပိုးပိုး ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ဥသျှစ်ကုန်းရွာရှိ အသက် ၄ဝ ကျော်အရွယ် စောဇော်ဌေး နှင့် နော်ကူး တို့လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည် ။
KNLA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေသည့် မူးမြို့နယ်တွင် စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်းများ ယခုလအတွင်း မကြာခဏပြုလုပ်နေသည်။
ဇန်နဝါရီလ ၈ ရက်တွင်လည်း မူးမြို့အတွင်းရှိ ကျွန်းပင်ဆိပ်ရွာနှင့် ငလောက်တက်ရွာသို့ တောင်ငူလေတပ်စခန်းမှထွက်ခွာလာသော ဂျက်ဖိုက်တာ ၂ စီးက ဗုံး ၈ လုံးကြဲချ
ခဲ့သည့်အပြင် ၃ ကြိမ်ခန့် လှည့်ပတ်ပစ်ခတ်သွားသောကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီ ၇ ရက်တွင်လည်း စစ်ကောင်စီတပ်၏ ခမရ − ၃၀၇ တပ်ရင်းကပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက် ကြီး ၁ လုံး ဇလုပ်ကြီးကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၆၅ နှစ်အရွယ် ဇလုပ်ကြီးရွာသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ဇန်နဝါရီလ ၄ ရက်တွင် စစ်ကောင်စီတပ်၏ ခမရ − ၃၀၇ တပ်ရင်းကပစ်ခတ်လိုက်သော ၁၂၀ မမလက် နက်ကြီး ၁ လုံး ဖြူးမြို့နယ် ၊ သစ်ချဆိပ်ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့သောကြောင့် ကျေးရွာအတွင်းရှိ လူငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့သည်။
စစ်ကောင်စီသည် ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းရှိ အရပ်သားပစ်မှတ်များကို မကြာခဏတိုက်ခိုက်နေရာ ၂၀၂၃ ခုနှစ် ၁ နှစ်တာကာလအတွင်း လက်နက်ကြီးပစ် ခတ်မှု ၂၀၇၅ ကြိမ်နှင့် လေကြောင်းပစ်ခတ်မှု ၇၉၁ ကြိမ်ရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုကထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်အတွင်း၌ လက်နက်ကြီး၊ လေကြောင်းတို့က တိုက်ခိုက်မှုများအပါအဝင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကြောင့် ကော်သူးလေပြည်သူ စုစုပေါင်း ၁၉၅ ဦးသေဆုံးခဲ့ရပြီး ၆၆၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – ကေအဲန်ယူဗဟို။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3147
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6664