လားရှိုးမြို့ခံကလေးငယ်များ စာမေးပွဲပြန်လာဖြေဖို့ ဖိအားပေးခံနေရ
**************************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၂၆၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ အခြားမြို့နယ်များသို့ စစ်ဘေးတိမ်းရှောင်နေကြရသော စစ်ရှောင် ကလေးငယ်များ လားရှိုးသို့ပြန်လည်လာရောက်၍ စာမေးပွဲဖြေဆိုရန် စစ်ကောင်စီ၏ဖိအားပေးခြင်း ခံနေရသည် ဟု မိဘပြည်သူများထံက သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့်လများကဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် လားရှိုးမြို့ပေါ်၌လည်း တိုက် ပွဲဖြစ်လာမည်စိုး၍ လားရှိုးမြို့ခံ ၃ ပုံ ၁ ပုံ ခန့်သည် ယခုလအစပိုင်းကတည်းက ကြိုတင်ရှောင်ရှားနေကြခြင်း ဖြစ်သည်။
လားရှိုးမြို့ပေါ်မှစစ်ရှောင်သွားသည့် မူလတန်းနှင့်အလယ်တန်းကလေးများအနေဖြင့် ကျန်ရှိနေသေးသည့် ဇန်နဝါ ရီလတွင် ၁ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၁ ကြိမ် စာမေးပွဲများလာရောက်ဖြေဆိုရန် သက်ဆိုင်ရာပညာရေးဝန်ထမ်း များက ဖိအားပေးပြောဆိုလာခြင်းဖြစ်သည်။
” အခုက နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ဆို စာမေးပွဲဖြေမယ်ဆိုပြီးတော့ ကလေးတွေကို သူတို့က မဖြစ်မနေပြန်ခေါ် နေတာရှိတယ်။ တချို့ကျတော့လဲ တစ်နှစ်ပတ်လုံးတက်လာတဲ့ကျောင်းက အောက်သွားရင် အဆင်မပြေဘူးဆို တဲ့ဟာမျိုးနဲ့ သွားဖို့လုပ်နေတာရှိတယ် ” ဟု လားရှိုးမြို့ခံအမျိုးသား ၁ ဦးကပြောသည်။
မူလတန်းနှင့်အလယ်တန်းကလေးများသည် စာမေးပွဲ ၄ ကြိမ်အပြည့်ဖြည့်မှသာ စာမေးပွဲကွင်းလုံးကျွတ်အောင် မြင်မည်ဖြစ်ကြောင်း ဆရာ၊ ဆရာမက ဖိအားပြောဆိုနေသည်။
ထို့ပြင် ကျောင်းသားမိဘတချို့က ကျောင်းပြောင်းလက်မှတ်ထုတ်ပေးရန် ပြောဆိုရာတွင်လည်း လားရှိုးတွင် စစ် မဖြစ်နေသောကြောင့် မထုတ်ပေးနိုင်ဟုပြောဆိုကြသည်။
” တခြားစစ်ဖြစ်နေတဲ့မြို့တွေကတော့ လားရှိုးမှာ စာမေးပွဲဖြေလို့ရတဲ့လက်မှတ် ယူလို့ရတယ်ပြောတယ်။ ဒါပေမယ့် တခြားမြို့ကို ပြောင်းသွားတဲ့လူတွေကျတော့ လားရှိုးကနေ TC မပေးဘူး ” ဟု လားရှိုးမြို့မှ တခြားမြို့ ကိုတိမ်းရှောင်နေရသူ ဒေသခံအမျိုးသားက ပြောသည်။
စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် – ရမခ အခြေစိုက်ရာ လားရှိုးမြို့တွင် တရုတ်နှစ်သစ်ကူးကာလ အပြီး၌ တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ထိုအခြေအနေကို စစ်ကောင်စီက စာမေးပွဲကာလအကြောင်းပြ၍ အကာအကွယ်ယူသည့်သဘောမျိုး ဖိအားပေး နေခြင်းလည်းဖြစ်နိုင်သည်ဟု လားရှိုးမြို့ခံများကပြောသည်။
” စစ်ရှောင်မိသားစုတွေအတွက် တော်တော်ဒုက္ခရောက်တယ်။ အပြင်ထွက်နေတဲ့မိသားစုတွေက ကလေးတွေရဲ့ ပညာရေးကိုငဲ့ပြီး တမင်သက်သက်အထဲပြန်ဝင်လာအောင်လုပ်တယ်လို့ ခံစားရတယ်။ တဖက်က စစ်ဖြစ်ရင်လည်း ကလေးတွေပိတ်မိနေမယ်ဆိုတာမျိုး တွေးမိအောင်လို့ လုပ်တယ်လို့ ထင်တယ် ” ဟု ကလေးမိဘ ၁ ဦးကပြော သည် ။
ရှမ်းပြည်နယ်မြောင်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ဇန်နဝါရီ ၁၁ ကစ၍ အပစ်ရပ်သဘောတူထားသော်လည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု ၊ လေကြောင်းက ဗုံကြဲမှုများ နေ့စဥ်ပြုလုပ်နေသည်။
ထို့ပြင် TNLA နှင့် MNDAA တပ်များရှိရာ စခန်းကုန်းများကိုလည်း စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေရာ ထိတွေ့တိုက်ပွဲများ ၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
ရှမ်းမြောက်စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး လားရှိုးမြို့ အနီးရှိ နမ္မတူ၊ သိန္နီ ၊ ကွတ်ခိုင် မြို့တို့ကိုပါ သိမ်းပိုက်ထားနိုင်ခဲ့သည်။
ထို့ကြောင့် လားရှိုးမြို့ပေါ်၌ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်သည့် အခြေအနေရှိသဖြင့် ဒေသခံထောင်ချီ ကြိုတင် ရှောင်တိမ် နေကြခြင်းဖြစ်သည် ။
လက်ရှိ၌ လားရှိုးမြို့တွင်ပုံမှန်အတိုင်းသွားလာနေကြပြီး ဈေးဆိုင်နှင့် စာသင်ကျောင်းများကိုလည်း ပုံမှန်အတိုင်း ဖွင့်လှစ်ထားသည်ဟု ဒေသခံများထံက သိရသည်။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3148
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7288