အချိန်အခါမဟုတ် မိုးရွာနိုင်ဟု မိုးဇလအသိပေး
************
သံလွင်ခက်
ဇန်နဝါရီ ၂၅၊၂၀၂၄။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်၊ ချင်းစသည့်ပြည်နယ်များအပါအဝင် စစ်ကိုင်းနှင့် တနင်္သာရီတိုင်းများတွင် အချိန် အခါမဟုတ်မိုးရွာနိုင်သည်ဟု စစ်ကောင်စီမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ညနေပိုင်းတွင် ထုတ်ပြန်သည်။
ကပ္ပလီပင်လယ်ပြင်တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်၌ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ် ထွန်းနေကာ မနက်ဖြန်နံနက်အထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာအနှံ့အပြား၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်ဟု သိရသည်။
ထို့ပြင် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိနေပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ ၄ ပေမှ ၇ ပေခန့်ရှိသလို နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင်နေရာကျဲကျဲနှင့် နေပြည်တော်၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင်နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုး/ဇလက အကြံပြုထားသည်။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3139
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7277