အပစ်အခတ်ရပ်စဲရေးလက်မှတ်ကို စစ်ကောင်စီအကြိမ်ကြိမ်ချိုးဖောက်နေဟု TNLA သတိပေး
************************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီလ ၂၂ ၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ရှိရာသို့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ယနေ့ တွင် သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်၊ ည ၈ နာရီခန့်တွင် တအာင်းတပ်မဟာ ၂ စစ်ဒေသ၊ မိုးကုတ်မြို့နယ်၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား ၈ မိုင်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် များ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံက လက်နက် ၃ လက် သိမ်းဆည်းရခဲ့မိသည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်ကလည်း စစ်ကောင်စီ ၅၀၁ – ၅၀၂ တပ်စခန်းက အင်အားအလုံးအရင်းဖြင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA PSLF/TNLA တည်ရှိရာ ကျောက်မဲမြို့၊ ငြိမ်းချမ်းရေး ကုန်းသို့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မိဘပြည်သူများ စစ်ဘေးဒဏ်သင့်မည်နှင့် ဆုံးရှုံးမှုများမည် စိုးရိမ် သောကြောင့် TNLA က ယာယီနောက်ဆုတ်ပေးခဲ့ရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ကြားဝင်စေ့ စပ်မှုဖြင့် ဇန်နဝါရီလ ၁၁ ရက်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ကြသည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိထားပြီးဖြစ်သော်လည်း စစ်ကောင်စီက ယနေ့ ဇန်နဝါရီလ ၂၂ ရက် အထိ မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်း၊ လားရှိုးမြို့နယ်များကို ထိုးစစ်ဆင်တိုက်ခိုက်လာခြင်း၊ လက်နက်ကြီး နှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်များသည် အပစ်အခတ်ရပ်စဲရေးလက်မှတ်ကို အကြိမ်ကြိမ်ချိုးဖောက်ခြင်းဖြစ်သည် ဟု PSLF\TNLA က သတိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ – PSLF/TNLA
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3107
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7198