နန်းဆုပန်ခန့်
ဇန်နဝါရီ ၂၂ ၊ ၂၀၂၄။
ဒေသခံပြည်သူအားလုံးနီးပါး စစ်ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ နေအိမ်များ ထပ်မံမီးရှို့ခံရပြီး နေအိမ် ၅၀ ကျော်မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည် ။
ယမန်နေ့ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ကော့ကရိတ်မြို့၊ အမှတ် ၅ ရပ်ကွက် ၊ ရတနာလမ်း၊ ကျူ လယာတန်း၌ မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသား ၁ ဦး ကပြောသည် ။
“ မနေ့က ညနေ ၃ နာရီဝန်းကျင်လောက်က မီးစလောင်တာ။ လူမရှိတဲ့အိမ်က စ,လောင်မှတော့ ရှို့မီးပေါ့။ အိမ်ခြေ ကတော့ ၅၀ ကျော်လောက်ပါသွားတယ်လို့ သိရတယ်၊ မနေ့ကလည်း လေတွေတအားတိုက်တဲ့အခြေအနေမျိုးမှာ ဆိုတော့ မီးကူးတဲ့အခြေအနေမှာရှိတာပေါ့” ဟု ၎င်းကပြောသည် ။
နေအိမ်များမီးလောင်ပျက်စီးခဲ့သည့် အမှတ် ၅ ရပ်ကွက်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူတပ်စွဲထားသည့် စခန်းငယ်များနှင့် နီးကပ်နေသာသည့်နေရာဖြစ်သည်ဟု ကာကွယ်ရေးရဲဘော်များထံကလည်း သိရသည်။
ကော့ကရိတ်မြို့အနီးဝန်းကျင်နှင့် မြို့ပေါ်နေရာတချို့ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများက ပြီးခဲ့သော ဒီဇင်ဘာလ ၁ ရက်ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းထန် စွာဖြစ်ပွားခဲ့သည်။
တိုက်ပွဲများကြောင့် ကော့ကရိတ်ဒေသခံ ၄၀,၀၀၀ ကျော်စစ်ဘေးတိမ်းရှောင်နေကြရပြီး လူမရှိသော ကော့ကရိတ် မြို့ပေါ်ရှိနေအိမ်များမှာလည်း ဖောက်ထွင်းခိုးယူခံရခြင်း ၊ မီးရှို့ဖျက်ဆီးခံရခြင်းများ မကြာခဏဖြစ်ပေါ်နေသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်၊ ညပိုင်း ၁၁ နာရီခန့်ကလည်း ကော့ကရိတ်မြို့၊ အမှတ် ၅ ရပ်ကွက်၊ ၄ လမ်းအောက်ရှိနေအိမ်များ မီးရှို့ခံခဲ့ရသဖြင့် နေအိမ်အလုံး ၄၀ ခန့် မီးလောင်ပျက်စီးခဲ့ရသည်။
ပုံစာ – ယမန်နေ့၌ ကော့ကရိတ်မြို့ပေါ်ရှိနေအိမ်များ မီးလောင်နေခဲ့သည်ကို ဒေသခံတချို့ဖော်ပြထားမှု။