ညီနောင်မဟာမိတ် ၃ ဖွဲ့နယ်မြေများတွင် အရပ်သားတိုက်ခိုက်မှုများ စစ်ကောင်စီပိုမိုပြုလုပ်လာ
**************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၂၂ ၊ ၂၀၂၄။
ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ နယ်မြေများအတွင်း စစ်ကောင်စီက အရပ်သားပြည်သူများ အပေါ် စစ်ရာဇဝတ်မှုကျူးလွန်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုပြုလုပ်လာနေသည်ဟု ညီနောင်မဟာ မိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
ကိုးကန့်နှင့် တအာင်းဒေသများတွင် ယာယီအပစ်ရပ်စဲထားသောကြောင့် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများ သိသာစွာလျော့နည်းခဲ့သော်လည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းကဗုံးကြဲမှုတို့ကြောင့် အရပ်သားပြည်သူများသေဆုံးမှုနှင့် ပြင်းထန်ဒဏ်ရာရရှိမှုများ နေ့စဥ်နီးပါးဖြစ်ပွားနေသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည် ။
ထို့ပြင်စစ်ကောင်စီသည် တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်တွင်လည်း အရပ်သားပစ်မှတ်များကို လေ ကြောင်း၊ ရေကြောင်းတို့ဖြင့်တိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများကြောင့် ပြည်သူများထိခိုက် သေ ဆုံးမှု၊ ဒဏ်ရာရရှိမှုများရှိနေပြီး နေအိမ်အဆောက်အအုံများစွာ နေ့စဥ်ပျက်စီးနေသည်။
ယမန်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မန့်ဝိန်းကြီးနှင့် နောင်မကြီးကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံအမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
အလားတူပင် ညနေ ၆ နာရီအချိန်ခန့်ကလည်း မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်က အထက်ပိန်းပြစ်ကျေးရွာ၊ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီးများဖြင့် ၃ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယမန်နေ့ကလည်း ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့ နယ်များ၌ ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့ပြီး မင်းပြားမြို့အား စစ်ကောင်စီ၏ Y-12 လေယာဉ်က လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဗုံးကြဲမှုကြောင့် မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်၊ ရွှေပြည်စိုးရပ်ရှိ လူနေအိမ်အချို့ မီး တောက်လောင်ပြာကျခဲ့ရ သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက အရပ်သားပစ်မှတ်များကိုဗုံးကြဲမှုများ၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ ပြုလုပ် နေသည့်အပြင် အရပ်သားပြည်သူများအား မတရားဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ညီနောင်မဟာ မိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်များအရသိရသည်။
Photo – CINCDS
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3107
YouTube – > https://youtu.be/k0tqkvJvK_M?si=Hl1UPyKfw-B8K0Za
Website – > https://thanlwinkhet.net/?p=7191