အိန္ဒိယဘက်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၄၀၀ ကျော် ရခိုင်တိုက်ပွဲတွင်ပြန်ပါဝင်နေ
*********************************************
သဇင်
ဇန်နဝါရီ ၂၂ ၊၂၀၂၄။
ပလက်ဝဒေသတိုက်ပွဲများတွင် အိန္ဒိယဘက်ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သား ၄၀၀ ကျော် ထဲက အများစုသည် ရခိုင်ဒေသတိုက်ပွဲများတွင် ပြန်ပါဝင်နေသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
လက်ရှိဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တိုက်ပွဲများတွင် အိန္ဒိယဘက်ထွက်ပြေးသွားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင် များကိုပါ စစ်ကောင်စီက ပြန်လည်အင်အားဖြည့်တင်းနေသည့်အပြင် ရေလမ်းကြောင်းကလည်း စစ်သင်္ဘောကြီး များဖြင့် လက်နက်ခဲယမ်း၊ လူအင်အားများဆက်လက်ဖြည့်တင်းနေသောကြောင့် တိုက်ပွဲများ ယခင်ကထက်ပိုမို ပြင်းထန်လာနိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရခိုင်ဒေသတွင် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင် နှင့် ရမ်းဗြဲမြို့နယ်များတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများ မရပ်မနား ဆက်လက်ပြင်းထန်နေခဲ့သည်ဟု သိရသည် ။
စစ်ကောင်စီ၏ ခမရတပ်ရင်းများဖြစ်ကြသည့် မြောက်ဦးအခြေစိုက် “၃၇၇၊ ၃၇၈ နှင့် ၅၄၀”၊ မင်းပြားအခြေစိုက် “၃၇၉၊ ၃၈၀နှင့် ၅၄၁”၊ ကျောက်တော်အခြေစိုက်တပ်ရင်း “၃၇၄၊ ၃၇၅ နှင့် ၃၇၆” တို့အပါအဝင် ရသေ့တောင် အခြေစိုက် “၅၃၆၊ ၅၃၇နှင့် ၅၃၈” တပ်ရင်းများနှင့် ရက္ခိုင့်တပ်တော် – AA တို့ကြား တိုက်ပွဲများပြင်းထန်နေသည်။
ထို့အတူ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပတ်ဝန်းကျင်တွင်လည်း ရက္ခိုင့်တပ်တော်ပါဝင်သောပူးပေါင်းတပ်များနှင့် စစ် ကောင်စီတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေသည်။
ရခိုင်ပြည်နယ်စစ်ဆင်ရေးကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းအတွက် စစ်ရေးအရအရေးပါသည့် ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ၏ ဗျုဟာစခန်းကုန်းများ၊ ခြေကုပ် စခန်းများကို ရက္ခိုင့်တပ်တော်က ၂ လ အတွင်း သိမ်းပိုက်နိုင်ခဲ့သလို ပလက်ဝဒေသတစ်ခုလုံးကိုလည်း သိမ်းပိုက် နိုင်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
ပလက်ဝဒေသတိုက်ပွဲများအပါအဝင် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တိုက်ပွဲများအတွင်း ရာနှင့်ချီသော စစ်ကောင် စီတပ်ဖွဲ့ဝင်များ အိန္ဒိယနိုင်ငံဘက်သို့ အကြိမ်ကြိမ်ထွက်ပြေးနေရာ အိန္ဒိယစစ်တပ်က မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးနေရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်စခန်းများစွန့်လွှတ်၍ အိန္ဒိယနိုင်ငံဘက်ထွက်ပြေးနေသော်လည်း စစ်ကောင် စီလက်ကမလွတ်မြောက်နိုင်သေးဘဲ နောက်ထပ်တဖန် စစ်မြေပြင်ရှေ့တန်းများသို့ ထပ်မံပို့ဆောင်ခံနေရသည် ။
ဓာတ်ပုံ – AA info Desk
ပုံစာ – ကျောက်တော်အခြေစိုက် စစ်ကောင်စီ အမှတ် ၃၇၇ တပ်ရင်းအား အပြီးသတ်သိမ်းပိုက်ရရှိခဲ့စဥ်က သိမ်း ဆည်းရရှိခဲ့သော စစ်လက်နက်၊ အသုံးအဆောင်ပစ္စည်းများ။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3106
YouTube – > https://youtu.be/k0tqkvJvK_M?si=Hl1UPyKfw-B8K0Za
Website – > https://thanlwinkhet.net/?p=7187