ရန်ကုန်တွင် ရက္ခိုင့်တပ်တော်ပိုင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိဟု စစ်ကောင်စီဝါဒဖြန့်
******************
ကောင်းချစ်အောင်
ဇန်နဝါရီ ၂၂ ၊ ၂၀၂၄။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ရက္ခိုင့်တပ်တော် – AA ပိုင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီး ရမိခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖော်ပြနေကြသည်။
ဇန်နဝါရီ ၇ ရက်၊ မွန်းလွဲ ၃ နာရီခန့်က မရမ်းကုန်းမြို့နယ်၊ ၄ ရပ်ကွက် တော်ဝင်လမ်းရှိ စားသောက်ဆိုင်အနီး ရောက်ရှိလာသည့် Toyota ကား ၁ စီးကို စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများသယ်ဆောင်လာသည်ကို တွေ့ရှိခဲ့ သဖြင့် ယာဉ်ပေါ်ပါသူများကို ဖမ်းဆီးခဲ့သည်ဟုဆိုသည်။
ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ အဆိုပါမူးယစ်ဆေးဝါးများသည် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြန့် ဖြူးရန်ဖြစ်ပြီး ရက္ခိုင့်တပ်တော် – AA အဖွဲ့ပိုင်ပစ္စည်းများဖြစ်သည်ဟု စစ်ကောင်စီလော်ဘီများက ဆိုသည်။
ဖမ်းဆီးခံရသူများသည် AA အဖွဲ့အားထောက်ပံ့ပေးနေသော ရခိုင်လူမျိုးများဖြစ်ပြီး ကော်မရှင်ခ ၁၅ ရာခိုင်နှုန်း ရယူ၍ ကျန်ရာခိုင်နှုန်းအား AA ထံ လွှဲပြောင်းပေးအပ်ရကြောင်း စစ်ဆေးဖော်ထုတ်သိရှိရသည်ဟု ဝါဒဖြန့်ရေးသား ထားသည်ကိုလည်း တွေ့ရသည်။
အဆိုပါ မူးယစ်ဆေးဝါးများဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ စစ်ကောင်စီ မှုခင်းရဲတပ်ဖွဲ့က စုစုပေါင်းကာလ တန်ဖိုးငွေ ကျပ် ၁ ဒဿမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့သည်ဟုသာ ဖော်ပြထားသည်။
ရခိုင်ဒေသတွင် ပြီးခဲ့သည့်နိုဝင်ဘာ ၁၃ ရက်ကစ၍ ယနေ့အထိ တိုက်ပွဲများပြင်းထန်နေပြီး ရက္ခိုင့်တပ်တော် – AA ၏ထိုးစစ်အတွင်း စစ်ကောင်စီဘက်က အထိနာနေသလို စခန်းပေါင်း ၂၀၀ ကျော် လက်လွှတ်ဆုံးရှုံးထားရသည်။
ရခိုင်ပြည်နယ်အပါအဝင် ရှမ်းမြောက်ဒေသတိုက်ပွဲများတွင်လည်း စစ်ကောင်စီက တပ်စခန်းပေါင်း ၅၀၀ ကျော်နှင့် မြို့ပေါင်း ၂၀ နီးပါး ဆုံးရှုံးထားသဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အပေါ် ဘာသာရေး ၊ မူးယစ်ဆေးဝါး ကိစ္စများဖြင့် ပြည်သူများ အထင်အမြင်လွဲမှားအောင် စစ်ကောင်စီက ဝါဒဖြန့်မှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ် ဆောင်နေသည်။
ဓာတ်ပုံ – စစ်ကောင်စီတယ်လီဂရမ်ချန်နယ်။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3100
YouTube – > https://youtu.be/k0tqkvJvK_M?si=Hl1UPyKfw-B8K0Za
Website – > https://thanlwinkhet.net/?p=7183