ပုလောဒေသခံများ စီးပွားရေးလုပ်ကိုင်ရန် ပိုမိုကြပ်တည်းလာ
*********************
သဇင်
ဇန်နဝါရီ ၁၈ ၊၂၀၂၄။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီတိုင်း ၊ ပုလောမြို့နယ်တွင် စားသောက်ကုန်များကို အကန့်အသတ်ဖြင့်သာဝယ်ယူခွင့်ရှိပြီး ဒေသထွက်ကုန်များပါ ရောင်းချခွင့်ကန့်သတ်ထားသဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အခက်အခဲရှိလာသည်ဟု ဒေသခံများထံက သိရသည်။
စစ်အုပ်ချုပ်ရေးကြေညာသည့်အချိန်ကစ၍ ပုလောမြို့ နယ်တွင် လွတ်လပ်စွာသွားလာခွင့်နှင့် လွတ်လပ်စွာကုန် စည်သယ်ဆောင်ခွင့်များ ဆုံးရှုံးနေရသည့်အပြင် ဒေသခံများအနေဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်ပိုမိုခက်ခဲလာကြသည်။
ပုလောမြို့နယ်တွင် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်ပါက စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက်ရယူပြီးမှသာ ရောင်းဝယ်ခွင့်ရသည်ဟု အရောင်းအဝယ်လုပ်ကိုင်သူ ဒေသခံအမျိုးသမီးက ပြောသည်။
“မြို့ထဲက အုပ်ကြီးတွေရုံးမှာ လက်မှတ်ယူပြီးမှ ဆန်ဆီရောင်းဝယ်ရတယ်။ အရင် နဂိုဆိုင်တွေတောင်မရတော့ဘူး။အုပ်ကြီးနဲ့ရင်းနှီးတဲ့သူတွေပဲ ဆန်ဆီရောင်းရတာ။ အုပ်ကြီးက သူ့သမီးကိုတောင် ဆန်တွေရောင်းခိုင်းထားတယ်”ဟု ဆိုသည်။
မြို့အနီးဝန်းကျင်တွင် ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်နေသူ
များသည်လည်း ပုလောမြို့အတွင်း ဝင်ရောက်လာပါက အုပ်ချုပ်ရေးမှူးထံတွင် ၂,၀၀၀ ကနေ ၃,၀၀၀ ကျပ်အကြားတန်ဖိုးရှိသည့်ထောက်ခံစာအရင်ပြုလုပ်ပြီးမှသာ မြို့ထဲဝင်ခွင့်ပြုသည်ဟု ဆိုသည်။
“အဲလူတွေကပဲ မြို့ထဲသီးရွက်ရောင်းပြီး ရတဲ့ငွေလေးနဲ့ ဆန်ဆီစာသောက်ကုန်ဝယ်မယ်ဆိုရင် အိမ်တစ်ဆောင်ကိုဆန် ၅ ပြည်ထက်ပိုမဝယ်ရဘူး။ ဆီ ၁ ဗူးပဲဝယ်ခွင့်ပေးတယ်။ မြို့ကို ပြန်ထွက်တဲ့ဂိတ်တွေမှာ အကုန်ပြန်စစ်တယ်။ ဆန် ၅ပြည်ထက်ပိုဝယ်မိတယ်။ ဆီ ၁ ဗူးထက်
ပိုဝယ်လာတယ်ဆိုရင် ဂိတ်ကအကုန်သိမ်းတယ်”ဟု ၎င်းကဆက်ပြောသည်။
စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် ခက်ခဲလာသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း ကင်းလှည့်နေရင်း ဒေသခံနေအိမ်များကို ဝင်ရောက်စစ်ဆေးဖမ်းဆီးခြင်းများလုပ်ဆောင်နေသည့်အတွက် တခြားမြို့ရွာသို့ပြောင်းရွှေ့ခဲ့ရပုံကို အသက် ၃၀ ကျော်အရွယ် ပုလောဒေသခံအမျိုးသမီး ၁ ဦးက ယခုကဲ့သို့ ပြောဆိုထား သည်။
“နေ့တိုင်း စစ်ကားတွေက အဆင်သင့်အနေအထားတွေနဲ့ မြို့ကိုပတ်တယ်။ အဲလိုပတ်နေရင်းနဲ့ သူတို့စစ်ကားရပ်
လိုက်တဲ့အိမ်ဟာ သူတို့ဖမ်းမယ့်အိမ်ပဲ။ ဒီတော့ ဘယ်နေ့ ငါ့အိမ်ရှေ့ စစ်ကားလာရပ်မလဲ ဆိုတဲ့စိုးရိမ်စိတ် လူတိုင်းမှာဖြစ်တယ်။ တခါတလေဆိုရင် မြို့ထဲ ဒလန်တွေဝင်လာပြီး သတ်သွားတာတို့ သေနတ်နဲ့လာပစ်သွားတာတို့ အိမ်ကိုမီးလာရှို့သွားတာတို့ စသဖြင့် အမြဲလိုလိုဖြစ်နေလေတော့ မနေရဲတော့လို့ အိမ်တွေခြံတွေအကုန်ထားပြီးပြောင်းလာခဲ့လိုက်တယ်” ဟုဆိုသည်။
၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂ရက်တွင် ပုလောမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ပုလောမြို့နယ်တွင်ဖြစ် ပွားသည့်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၁၅၈၀၀ကျော် ရှိလာခဲ့သည်။
ဓာတ်ပုံ – CJ
ပုံစာ – ပုလောစစ်ဘေးရှောင်များ(ပုံဟောင်း)။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3060
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=7115