TNLA ဌာနဆိုင်ရာရုံးများအတွက် CDM နှင့် Non-CDM ဝန်ထမ်းများကို ထည့်သွင်းစဉ်းစားမည်
******************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၁၈ ၊ ၂၀၂၄။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က ရှမ်းပြည်နယ်မြောက်ပိုင်း သိမ်းပိုက်ထားသည့် မြို့များရှိ ရုံးဌာနများနှင့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် CDM နှင့် Non – CDM ဝန်ထမ်းများကိုလည်း ထည့်သွင်းစဉ်းစားသွားမည်ဟု TNLA ထံက သိရသည်။
CDM နှင့် Non – CDM ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု အရေးကြီး သည် ဟု TNLA ဒု ဥက္ကဋ္ဌ – ၁ ဖြစ်သူ ဗိုလ်မှူးချုပ် တားဂျုတ်ဂျားက ဆိုသည်။
“အခုမြို့ပေါ်ပြန်ရွှေ့တဲ့အခါကျတော့ CDM နဲ့ Non – CDM နဲ့ အဲ့နှစ်ခုကိုဘယ်လိုပူးပေါင်းပြီး ဆောင်ရွက်မလဲ ဆိုတာရှိတယ်။ Non-CDM တွေလည်း CDM လုပ်ဖို့၊ ပူးပေါင်းပါဝင်ဖို့ ပထမလုပ်ရမယ်။ မြို့ပေါ်ဆိုတာက လူမျိုး ပေါင်းစုံနေထိုင်တဲ့နေရာဆိုတော့ ပြည်သူလူထုဘယ်လောက်ထိ ပူးပေါင်းပါဝင်မလဲဆိုတာလည်း အရေးကြီးတယ်” ဟုဆိုသည်။
TNLA အနေဖြင့် နမ့်ခမ်းမြို့တွင် အစည်းအဝေးများပြုလုပ်ကာ ပြန်လည်တည်ထောင်ရေးနှင့် အုပ်ချုပ်ရေး ယန္တရား များလည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု သိရသည်။
တအာင်းနယ်မြေများတွင် တအာင်းလူမျိုးများအပြင် ရှမ်းလူမျိုးများလည်းနေထိုင်နေပြီး မြို့နေလူထုကို တန်းတူ အခွင့်အရေးပေးနိုင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ကြိုဆိုလျက်ရှိသည်ဟု နမ့်ခမ်းမြို့ဒေသခံ မနန်းချယ်ရီ က ဆိုသည်။
“ဒါကတော့ တစ်ယောက်နဲ့တစ်ယောက်အမြင်ချင်း၊ ယူဆချက်ချင်း မတူနိူင်ဘူးလေနော့။ ခုမှပြန်လည်ထူထောင် ခါစ ၁ လတောင်မပြည့်သေးတာမို့ ဆုံးဖြတ်ဖို့စောလွန်းသေးတယ်လို့မြင်ပါတယ်။ ဘယ်လူမျိုးပဲအုပ်ချုပ်၊ အုပ်ချုပ် မြို့နေလူထုကိုလုံခြုံမှုပေးနိုင်ရင်၊ တန်းတူညီမျှအခွင့်ရေးပေးနိုင်တဲ့ ဘယ်အဖွဲ့အစည်း၊ ဘယ်လူမျိုးမဆို ကြိုဆို လျက်ပါ” ဟု ဆိုသည်။
TNLA အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်ပေါင်းစုံအုပ်ချုပ်ရေးအဖွဲ့တို့ ပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် TNLA မူအရ တအာင်းလူမျိုးအချင်းချင်းသာ တပ်သားသစ်ကောက်ခံခွင့်ရှိပြီး အခြားလူမျိုးခြားများကို မိမိသဘောဖြင့် တပ်ထဲဝင်ချင်မှသာ ကြိုဆိုလက်ခံမည်ဖြစ်သည်ဟု အုပ်ချူပ်ရေးပိုင်းနှင့် နီးစပ်သူ ၁ ဦးက ဆိုသည်။
နမ့်ခမ်းမြို့တွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိ အပြင်မထွက်ရန်နှင့် သာရေးနာရေးကိစ္စများကို ယခင်လုပ်ရိုး လုပ်စဉ်အတိုင်းလုပ်ဆောင်ခွင့်ရှိသလို အများပြည်သူနှင့်သက်ဆိုင်သော အားကစားကွင်းများလည်း ပုံမှန်အတိုင်း ပြန်လည်သွားလာကစားခွင့်ရှိသည်ဟု သိရသည်။
ဝန်ထမ်းများသည်လည်း မိမိအိမ်သို့ မကြောက်မရွံ့ ပြန်လာနိုင်သလို ဖမ်းဆီးမှုမပြုကြောင်းလည်း အာမခံထား သည်။
ဈေးဆိုင်ခန်းများကို ယခင်မူလပိုင်ဆိုင်ထားသူများ၊ ကိုယ့်နေရာအတိုင်းပြန်လည်ရောင်းချခွင့်ပြုပြီး ၁ ပေလျှင် ၂ သိန်းနှုန်းကောက်ခံမည်ဆိုသည်မှာ မဟုတ်မမှန်သတင်းသာဖြစ်သည်ဟု ရှင်းလင်းပြောဆိုထားသည်။
ပထမဆုံးသိမ်းပိုက်နိုင်ခဲ့သည့် နမ့်ခမ်းမြို့ကို ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းတွင် ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တွဲဖက်အတွင်းရေးမှူး – ၁ ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနှင့် အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူဇား တို့ သွားရောက်ကြည့်ရှုခဲ့ကြသည်ဟု PSLF\TNLA က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – PSLF/TNLA
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3057
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=7103