၂၀၂၃ ခုနှစ်အတွင်း ကေအဲန်ယူထိန်းချုပ်နယ်မြေတွင် တိုက်ပွဲပေါင်း ၄,၀၀၀ ကျော်ဖြစ်ပွား
****************************
နန်းဆုပန်ခန့်
ဇန်နဝါရီ ၁၉ ၊ ၂၀၂၄။
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ ထိန်းချုပ်နယ်မြေတွင် ၂၀၂၃ ခုနှစ်၊ တစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း ၄၀၀၀ ကျော် ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်အရသိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့၏ ဦး ဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲကြီးတိုက်ပွဲငယ် စုစု ပေါင်း ၄,၆၂၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှာ အရာရှိများအပါအဝင် တပ်သားပေါင်း ၅,၀၀၅ ဦး သေဆုံးပြီး ၃,၃၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်နည်းတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်ကလည်း ၁၅၄ ဦး သေဆုံးခဲ့၍ ၅၉၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု ထုတ်ပြန်ချက်အရသိရသည်။
ထိခိုက်ကျဆုံးမှုများသော စစ်ကောင်စီတပ်သည် ပြည်သူလူထုများနေထိုင်ရာကျေးရွာများကို လက်နက်ကြီးပစ် ခတ်တိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အမျိုးမျိုးသောအကြမ်းဖက်လုပ်ရပ်များကို တစ်နေ့တခြား တိုးမြှင့်လုပ်ဆောင်လာသည်ဟု ဒေသတွင်းသတင်းရင်းမြစ်နှင့် ဒေသခံများထံကသိရသည်။
မြန်မာစစ်တပ်ကအာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အထိ ၂ နှစ်တာအတွင်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲပေါင်း ၈,၀၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၆,၈၇၆ ဦးသေဆုံးကာ ၅,၅၁၉ ဦးဒဏ်ရာရရှိခဲ့သည်။
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရသူ ၇၅၁,၆၆၉ ဦးအထိရှိလာပြီဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။
ထွက်ပြေးတိမ်းရှောင်နေရသူများအတွက်လည်း စားနပ်ရိက္ခာနှင့် အနွေးထည်၊ ဆေးဝါးအကူအညီများလိုအပ်လျက် ရှိသည်ဟုလည်း စစ်ရှောင်အရေးကူညီသူများက ဆိုသည်။
ဓာတ်ပုံ – ကေအဲန်ယူဗဟို
ပုံစာ – ကော်သူးလေနယ်မြေအတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများနှင့် ထိခိုက်သေဆုံးမှုစာရင်း။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3074
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=7118