သဇင်
ဇန်နဝါရီ ၁၆ ၊၂၀၂၄။
စစ်ကောင်စီတပ်များက အရပ်သားတွေအပေါ်ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ပဲခူးတိုင်းကဒေသခံများ နေအိမ်မှထွက်ပြေးတိမ်းရှောင်နေကြရပြီး တချို့ကတော့ ထိုင်းနိုင်ငံ နယ်စပ်ကို ထွက်ပြေးခိုလှုံလာကြသည်ဟု စစ်ရှောင်အရေးကူညီသူများထံကသိရသည်။
ပဲခူးတိုင်းရှိကျေးရွာများတွင် ရပ်ရွာလုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းရန်အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ် များက အတင်းအကြပ်လူသစ်စု ဆောင်းမှုများပြုလုပ်နေသည့်အပြင် ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေသောကြောင့် ဒေသခံများ မိမိတို့ရပ်ရွာများ၌မနေရဲတော့ဘဲ မြို့ပေါ်ဒေသများ နှင့် နယ်စပ်ဒေသ ကို ထွက်ရန်ကြိုးစားနေကြသည်ဟု သိရသည်။
ဒီဇင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပဲခူးတိုင်းအရှေ့ခြမ်းဖြစ်သည့် ကျောက်ကြီး၊ ကျောက်တံခါး၊ မုန်း၊ ဖြူး၊ ရွှေကျင်စသည့်ဒေသများက စစ်ရှောင် ၁၀၀ ကျော် ထိုင်းနိုင်ငံသို့ထွက်ပြေးခိုလှုံလာခဲ့ကြသည်ဟု စစ်ရှောင်အရေးကူညီနေသူ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“အားလုံးကတော့ ပဲခူးကပဲ။ ပဲနွယ်ကုန်းတို့ ကျောက်တံခါးတို့ဘက်ကပေါ့။ ကျွန်တော် ထိတွေ့ရသလောက်ကတော့ ၁၄၀ လောက်ရှိမယ်။ ဒီထဲမှာ ကလေးက ၃၅ ရာခိုင်နှုန်းလောက်ပါတယ်။ ဒါက ဒီရက်ပေါင်း ၂၀ အတွင်းမှာရောက် လာတဲ့သူတွေပါ။ အဓိကကတော့ တခြားနိုင်ငံကို ဝရုန်းသုန်းကားပြေးလာပြီး ဘာမှမပါလာကြတော့ ခက်ခဲတာ ပေါ့။ စားရေး၊ နေရေး၊ ကျန်းမားရေး သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေပေါ့။ လောလောဆယ်မှာတော့ ကျောချဖို့နေရာ မနက်ညစားဖို့ရရင်ပဲ မဆိုးဘူးလို့ပြောရမယ်”
အဆိုပါစစ်ဘေးရှောင်များကို လက်ရှိမှာတော့ ဒီမိုကရေစီအရေးတက်ကြွလှုပ် ရှားသူများက ကူညီပေးနေသော်လည်း ရေရှည်ရပ်တည်နိုင်ရန်အတွက် အလုပ် အကိုင်အခွင့်အလမ်းများအပြင် စနစ်ကျသော ဒုက္ခသည်စခန်းများလည်း လို အပ်နေသေးသည်။ ထိုကဲ့သို့သော မြန်မာနိုင်ငံကစစ်ရှောင်များအတွက် ထိုင်းနိုင်ငံအစိုးရ၏ အကူအညီများ လိုအပ်နေသည့်အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလည်း လိုအပ်နေသည်ဟု ၎င်း က ဆက်ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်မှာတော့ အဆိုပါစစ်ဘေးဒုက္ခသည် ၁၄၀ အနက်တွင်မှ အိမ်ထောင်စု ၈ စု၊ လူဦးရေ ၅၂ ယောက်စာအတွက်သာ ဆန်အပါအဝင် စားသောက်ကုန်များနှင့် အဝတ်အထည်များကို ဒီလိုကရေစီအရေး တက်ကြွ လှုပ်ရှားသူ များက ကူညီထောက်ပံ့ပေးနိုင်ခဲ့သည်။
ယင်းစစ်ဘေးဒုက္ခသည်များသည် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် ၊လေကြောင်းပစ်ခတ်မှုဒဏ်ကို မခံနိုင်တော့သည့်အတွက်ကြောင့် ယခုကဲ့သို့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်သည်ဟု စစ်ရှောင် ၁ ဦးကပြောသည်။
အသက် ၅၉ နှစ်အရွယ် စစ်ရှောင်အမျိုးသမီး ၁ ဦးက “အရင်ကတော့ အဲ့လောက်မဖြစ်သေးတော့ ပေတေပြီးနေတာပေါ့။ မလာဖြစ်ဘူး။ ခုဟာက ကိုယ့်ဆီမှာ မတရားဖြစ်နေတာ။ လူတွေလည်းမရှိတော့ဘူး။ နေလို့ကို မဖြစ် တော့ဘူး။ စစ်တပ်ကကြမ်းနေတာလေ။ လေယာဉ်ပျံတွေနဲ့လည်းပစ်၊ တစ်နေ့ ၃၊ ၄ စင်းနဲ့ လာပြီးချ။ လက်နက် ကြီးတွေကလည်း တဂျိမ်းဂျိမ်းနဲ့ နားတွေကကွဲမတတ်ပဲ။ ဒီကို မထွက်လာနိုင်တဲ့ သူမှအများကြီး။ ပိုက်ဆံကလည်း မရှိကြတာကို။ ကိုယ်တွေတောင် ဒီဘက်ကသားက လမ်းစရိတ်လေးပေးလို့ လာနိုင်တာ ။ မြန်မာပြည်ကိုက အေး ဆေးတော့မှ ပြန်တော့မယ်။ ပြန်လည်းမပြန်ရဲဘူး။ လက်နက်ကြီးသံ၊ လေယာဉ်သံတွေကြားရင် လူက ရူးချင် စိတ်ပါပေါက်တယ်”ဟု ဆိုသည်။
စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ လက်နက်ကြီးဖြင့်ပစ်ခတ်နေသည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိ နေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် နေအိမ်ပျက်စီးမှုတွေလည်းရှိသည်ဟု စစ်ဘေးရှောင်များ၏ ပြောပြချက်အရသိရသည်။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၄ အုပ်စုတွင် ကျောက်တံခါးမြို့၊ ပဲနွယ် ကုန်းမြို့နှင့် တောကျွဲအင်းမြို့အရှေ့ဘက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမသက်ရောက်သေးသည့် ရပ်ကွက်၊ ကျေးရွာ အုပ်စုများကလွဲ၍ ကျန်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁ စုလျှင် ပြည်သူ့စစ် ၂၀ ဦးမှ ၅၀ ဦးအထိ မဝင်မနေရအဖြစ် စစ်ကောင်စီက အတင်းအဓမ္မလူသစ်ခေါ်ယူစုဆောင်းနေသည်။
ဇန်နဝါရီ ၁၅ ရက်ကလည်း ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကမ်းနီကျေးရွာကပြည်သူများကို စစ်ကောင်စီက ပြည်သူ့စစ်(ပျူစောထီး)အတွက် အတင်းအဓမ္မလူသစ်စုဆောင်းရန်ခေါ်နေချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၃၀ ခန့် ကယ်ထုတ်ခဲ့သည်ဟု သိရသည်။
ပဲခူးအနောက်ခြမ်းရှိ ပေါက်ခေါင်း၊ ရွှေတောင်၊ ဥသျှစ်ပင်၊ နတ်တလင်း ၊ ပန်းတောင်း၊ ကံမ စသည့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း စစ်တပ်က ပြည်သူ့စစ်အဖြစ်တပ်သားစုဆောင်းခြင်း၊ ပျူစောထီးတပ်ဖွဲ့စည်းခိုင်းခြင်းများ လုပ်ဆောင်နေသည်ဟု သိရသည်။
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ- လွတ်မြောက်နယ်မြေကိုရောက်ရှိလာသည့် ပဲခူးတိုင်းစစ်ဘေးရှောင်များကို ထိုင်းနိုင်ငံရောက် ဒီမိုကရေစီ အရေးတက်ကြွလှုပ်ရှားသူများက သွား ရောက်ကူညီထောက်ပံ့ခဲ့သည့် မြင်ကွင်း။