သံလွင်ခက်
ဇန်နဝါရီ ၁၆ ၊ ၂၀၂၄။
တော်လှန်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်များကြားဖြစ်ပွားခဲ့သည့် နယ်စပ်အနီးတိုက်ပွဲများကြောင့် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁၆ ဦး နယ်စပ်ဖြတ်ကျော်၍ အိန္ဒိယနိုင်ငံတွင်းသို့ ထွက်ပြေးဝင်ရောက်လာခဲ့သည်ဟု အိန္ဒိယ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် မာနိုခ်ျ့ ပန်ဒေး က ပြီးခဲ့သည့်ကြာသပတေးနေ့က ပြောကြားခဲ့သည်။
အိန္ဒိယတပ်မတော်နေ့မတိုင်ခင်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာကြဦးမည့် မြန် မာစစ်ကောင်စီတပ်ဖွဲ့ဝင်များကို အနီးကပ်စောင့်ကြည့်နေကြောင်း နှင့် အိန္ဒိယ- မြန်မာနယ်စပ်အခြေအနေများသည်လည်း “စိုးရိမ်”စရာကောင်းသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“အိန္ဒိယ – မြန်မာနယ်စပ်တလျှောက်မှာဖြစ်ပွားနေတဲ့ အခြေအနေတွေအပေါ် ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေပါတယ်” ဟု ဗိုလ်ချုပ် ပန်ဒေး ကပြော သည်။
နယ်စပ်ဖြတ်ကျော်ထွက်ပြေးခဲ့ကြသည့် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေရပ်ပြန်လည်ပို့ဆောင်ထားခဲ့ပြီးဖြစ်သည်ဟုလည်း အိန္ဒိယနိုင်ငံ၏ တာဝန်ရှိသူများကဆိုသည်။
စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးတပ်ဖွဲ့များက မြန်မာနိုင်ငံ၏မြို့အများအပြားနှင့် အိန္ဒိယနယ်စပ်အနီးရှိ မြို့များ၊ စစ်ကောင်စီ၏အဓိကစစ်စခန်းများကို သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သလို နယ်စပ်မတည်ငြိမ်မှုများကြောင့်လည်း မြန်မာ နိုင်ငံသားအများအပြား အိန္ဒိယနိုင်ငံ၏ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြရသည်။
“အိန္ဒိယ – မြန်မာနယ်စပ်တလျှောက်မှာဖြစ်ပွားနေတဲ့ အခြေအနေတွေက ကျွန်တော်တို့အတွက် စိုးရိမ်စရာပါ” ဟု ဗိုလ်ချုပ် ပန်ဒေး ကပြောသည်။
အိန္ဒိယအနေဖြင့် မြန်မာနှင့်နယ်စပ်တလျှောက်ရှိ နယ်စပ်ခြံစည်းရိုးများ ခိုင်ခိုင်ခံ့ခံဖြစ်လာစေရန်စဥ်းစားနေကြောင်းနှင့် နယ်စပ်အနီးတပ်စွဲထားသော အာသံရိုင် ဖယ်တပ်ရင်း ၂၀ ဝန်းကျင်ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Ref: The Economic Times
ဓာတ်ပုံ – Nagaland Post
ပုံစာ – မီဇိုရမ်ပြည်နယ်ကိုထွက်ပြေးခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖမ်းဆီးထားစဥ်။