စစ်သုံ့ပန်း ၁၉ ဦးကို နိုင်ငံတကာဥပဒေနှင့်အညီ ကေအဲန်ယူစောင့်ရှောက်ထား
*********************************
နန်းဆုပန်ခန့်
ဇန်နဝါရီ ၁၅ ၊ ၂၀၂၄။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ တပ်မဟာ ၃၊ မူး(မုန်း) မြို့နယ်၊ မူး(မုန်း) မြို့တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့သည့် စစ်သုံ့ပန်း ၁၉ ဦးကို နိုင်ငံတကာဥပဒေနှင့်အညီ ကေအဲန်ယူကစောင့်ရှောက်မှုပေးထားသည်ဟု ယနေ့ ဇန်နဝါရီလ ၁၅ ရက်တွင် ကေအဲန်ယူ ဗဟိုကထုတ်ပြန်သည်။
လက်ရှိအချိန်တွင် ကေအဲန်ယူ − ကရင်အမျိုးသားအစည်းအရုံးထံ လက်နက်ချအညံ့ခံခဲ့သော စစ်ကောင်စီတပ် သားများနှင့် မိသားစုဝင်များအား ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်၌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံ အစည်း အဝေးကြီးတွင် အတည်ပြုကြေညာခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ် ၁ ၊ အပိုဒ် ၃၊ အပိုဒ် ၅ နှင့် အပိုဒ် ၉ ပါ အခွင့်အရေးများကို ချိုးဖောက်ခြင်းမရှိဘဲ လူသား ၁ ဦး၏ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ရပ်တည်နိုင်ရန် ကူညီစောင့်ရှောက်ပေးထားလျက်ရှိသည်ဟု သိရသည်။
အပိုဒ်ပေါင်း ၃၀ ရှိသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၌ အပိုဒ် ၁ တွင် လူတိုင်း မွေးဖွား လာကတည်းက တူညီသောလူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိခြင်း၊ အပိုဒ် ၃ တွင် လူတိုင်း အသက်ရှင်ခွင့်၊ လုံခြုံခွင့် ရှိခြင်း၊ အပိုဒ် ၅ တွင် မည်သူ့ကိုမျှ ကျွန်အဖြစ်စေခိုင်းခြင်းမပြုရ နှင့် အပိုဒ် ၉ တွင် မည်သူ့ကိုမျှ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းမပြုရ စသည်ဖြင့်ဖော်ပြထားပြီး စစ်သုံ့ပန်းမိသားစုဝင်များကိုလည်း လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်ကင်းသည့်နေရာများတွင် ထားရှိထားသည်ဟု ကေအဲန်ယူထုတ်ပြန်ချက် အရ သိရသည်။
စစ်ကောင်စီသည် ၎င်းတို့အာဏာဆက်လက်တည်မြဲရေးအတွက် ဝါဒဖြန့်ချိရေးယန္တရားများအသုံးပြုကာ ၎င်းတို့ အမြဲတစေလုပ်ဆောင်ခဲ့သော ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းနှင့် သတင်းအမှားများအသုံးပြု၍ တော်လှန်ရေး အဖွဲ့အစည်းများအပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားအောင်လုပ်ဆောင်ခြင်းဖြင့် ကြိုးစားလုပ်ဆောင်လျက်ရှိသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။
ပြည်သူလူထုအနေဖြင့်လည်း သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်း၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာများ၊ ယုံကြည်စိတ်ချရသော သတင်းဌာနများကထုတ်ပြန်သည့်သတင်းအချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ကေအဲန်ယူကတိုက်တွန်းထားသည်။
တပ်မဟာ ၃ ရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် – KNLA နှင့် လက်အောက်ခံပူးပေါင်းတပ်က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်၊ ည ၁၁ နာရီ မိနစ် ၄၀ ၌ မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ခမရ – ၅၉၀ အတွင်း ဝင်ရောက်တပ်စွဲထားသည့် ခလရ – ၈၄ က တပ်ဖွဲ့ဝင် ၁၉ ဦး လက်နက်ခဲယမ်းများ၊ ၎င်းတို့ မိသားစုဝင်များနှင့်အတူ လက်နက်ချအညံ့ခံခဲ့ကြသည်။
ဓာတ်ပုံ – ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး
ပုံစာ – ကေအဲန်ယူကစောင့်ရှောက်ထားသည့် စစ်သုံ့ပန်းနှင့်မိသားစုဝင်များ။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3001
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7019