ရှောင်လွှဲမရ၍ ယာယီအပစ်ရပ်ရခြင်းဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့ဆို
***************************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၁၅၊ ၂၀၂၃။
ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သဘောတူညီခဲ့ကြသည့် အပစ်အခတ်ရပ်စဲရေးသည် ရှောင်လွှဲမရသည့် အနေအထားကြောင့် ပြုလုပ်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအရှိန်က တစ်ရက်ထက်တစ်ရက် မြင့်တက်လျက်ရှိသော်လည်း ရှမ်းမြောက်ဒေသအတွင်း စစ်ကောင်စီတပ်နှင့်ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကိုရပ်တန့်စေမည့် အပစ်အခတ် ရပ်စဲရေးကို ရှောင်လွှဲမရသည့်အနေအထားအောက်တွင် ပြုလုပ်ခဲ့ရသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီ လ ၁၃ ရက် ည ၁၂ နာရီအချိန်တွင် ထုတ်ပြန်ခဲ့သည်။
ထိုသို့အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက် စစ်ကောင်စီတပ်သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်ရယူထားပြီးဖြစ်သော တအာင်းဒေသတွင်းရှိ တပ်မဟာ ၂ စစ်ဒေသ၊ ကျောက်မဲမြို့နယ်ရှိ TNLA အခြေချနေရာယူထားသည့် “ငြိမ်းချမ်းရေးကုန်း” ကို စစ်ကောင်စီ၏ (၅၀၁-၅၀၂) တပ်စခန်းများက အင်အားအလုံးအရင်းဖြင့် ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းတွင် အပြင်းအထန် လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
နှစ်ဖက်တပ်များ ၂ နာရီကြာထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် မိမိတို့၏ ပြည်သူလူထုလုံခြုံရေး နှင့် “ဟိုင်ဂင် သဘောတူညီမှု” ပါ စစ်ကောင်စီတပ်နှင့် နှစ်ဖက်ထိတွေ့မှုမဖြစ်စေရေးအချက်ကို အလေးထားလိုက်နာကာ TNLA က ယာယီနောက်ဆုတ်ပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ပြင် စစ်ကောင်စီအခြေစိုက်တပ်စခန်းများက ကျောက်မဲ၊ မိုးကုတ်နှင့် လားရှိုးမြို့နယ်များ၌ တအာင်းတပ်မတော် TNLA ရှိရာနေရာများသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ရှမ်းမြောက်၌ ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ယာယီအပစ်ရပ်စဲရေး နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည်ဟု ညီနောင် ၃ ဖွဲ့က ထုတ်ပြန်သည့်အပြင် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်း အပစ်ရပ်သဘောတူညီမှု ရရှိခဲ့သည်ဟု ထုတ်ဖော်ပြောကြားထား သည်။
ဓာတ်ပုံ – AA Info Desk
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3002
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7022