မင်းပြားတွင် စစ်တပ်က ကြည်း၊ ရေ၊ လေဖြင့် အပြင်း အထန်တိုက်ခိုက်နေ
********************
မိခိုင်
ဇန်နဝါရီလ ၁၄ ၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် – AA တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်တပ်က ကြည်း၊ ရေ၊ လေ တို့ဖြင့် အပြင်းအထန် ပစ်ခတ်လျက်ရှိနေသည်။
ယင်းကဲ့သို့ တိုက်ခိုက်နေသည့်အတွက် မင်းပြားမြို့ပေါ်ရပ်ကွက်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက် ကြီး ကျရောက်ပေါက်ကွဲ၍ ဒေသခံများ သေဆုံးပြီး နေအိမ်များ မီးလောင်နေကြောင်းသိရသည်။
မင်းပြားဒေသခံ ၁ဦးက ” လက်နက်ကြီးတွေ တရစပ်ပစ်ခတ်နေတာ ၁၂ ရက်နေ့ကတည်းကပါ။ အင်တာနက်ရော၊ဖုန်းလိုင်းရော ပြတ်နေပါတယ်။ ကျွန်တော်တို့လည်း တခြားနေရာတွေ ရောက်နေကြတာ။ လက်နက်ကြီးက မနားတမ်း ပစ်နေပါတယ်။ လေယာဥ်ကလည်း ဗုံးကြဲ ပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် မင်းပြားမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ဟုသိရသည်။
” ဖုန်းလိုင်းပြတ်တောက်နေတာ ၁ ပတ်လောက်ရှိပြီ။ အင်တာနက်ပြတ်နေတာက ၁ လလောက် ရှိနေပြီ။ အိမ်နဲ့ အဆက်အသွယ်မရတော့ဘူး” ဟု ပေါက်တောမြို့တွင် စစ်လာရှောင်နေသည့် မင်းပြားဒေသခံ ၁ ဦးက ဆိုသည်။
ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ Y 12 လေယာဥ်က မင်းပြားမြို့နယ်၊ အောက်ရွာပိုင်းရပ်ကွက်ကို လေ ကြောင်းက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် ၁၁ လုံးထက်မနည်း မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။
ယင်းအပြင် ဇန်နဝါရီလ ၁၂ ရက်တွင်လည်း စစ်တပ်၏ ရေတပ်နှင့်လေကြောင်းတို့မှ ပစ်ခတ်ခဲ့သည့်အတွက် အ ရပ်သားအများအပြား သေဆုံးခဲ့ကြောင်း AA က ဆိုထားသည်။
” ယမန်နေ့ (၁၂ရက်နေ့ )တစ်ရက်တည်းတွင်ပင် ရက္ခိုင်ဒေသတွင်းရှိ အပြစ်မဲ့အရပ်သားပြည်သူအား ရည်ရွယ် ချက်ရှိရှိ တမင်တကာ ပစ်မှတ်ထား၍ စစ်ကောင်စီ၏ တပ်ရင်းများနှင့် နေဗီသင်္ဘောများမှ လက်နက်ကြီးပစ် ခတ်တိုက်ခိုက်မှုများအပြင် လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်မှုများကြောင့်လည်း အပြစ်မဲ့အရပ်သားပြည်သူထိခိုက်သေဆုံးမှု အများအပြားရှိခဲ့သည်” ဟု ဆိုထား သည်။
စစ်တပ်အနေဖြင့် အတွဲလိုက်ဒုံးကဲ့သို့ လက်နက်ကြီးများကိုလည်း ပစ်ခတ်နေသည်ဟုသိရပြီး လက်ရှိတွင် မြောက်ဦး၊ မင်းပြား၊ပေါက်တော၊ ကျောက်တော်တို့တွင် တိုက်ပွဲ ပြင်းထန်းနေ၍ ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ရခိုင်ဒေသတွင်းရှိ မြို့နယ်အနှံ့အပြားတွင် အရပ်သားပြည်သူများသွားလာရာနေရာများအပါအဝင် ရပ်ရွာ၊ သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်းများကဲ့သို့သောနေရာများ၌ စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိဖြင့် စွန့်လွှတ်မိုင်းများ ထောင်ထားသည့်လုပ်ရပ်သည် “ဂျနီဗာကွန်ဗင်းရှင်း” ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေသည့် စစ်ရာဇဝတ်မှုများထဲက တစ်ခုဖြစ်သည်ဟုလည်း AA က ဆိုသည်။
ဓာတ်ပုံ – ရက္ခိုင့်တပ်တော် ၊ သတင်းနှင့်ပြန်ကြားရေး။
ပုံစာ – ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2998
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7013