မြဝတီမြို့အနီးရှိ ကျားဖြန့်များကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်မည်ဟု စစ်ကောင်စီ ထပ်မံထုတ်ပြန်
***********************************
ရွှေသီ
ဇန်နဝါရီ ၁၃၊ ၂၀၂၄။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee တို့ ယမန်နေ့ ညနေပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြဝတီမြို့အနီးရှိ အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်သွားမည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည် ။
ထိုသို့ ဆွေးနွေးခဲ့ရာတွင် ကျားဖြန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းများနှိမ်နင်းရေးအပါအဝင် နယ်စပ်ကုန်သွယ်မှုများ၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး၊ သတင်းအချက်အလက်ဖလှယ်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး စသည့်တိုကို ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် ရှိသော ရွှေကုက္ကိုလ်မြို့သစ်နှင့် KK Park မြို့သစ်စီမံကိန်းတို့သည် ဒေသတွင်း နိုင်ငံများသာမက နိုင်ငံတကာအထိပါ အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ လူကုန်ကူး ရာဇဝတ်မှုများ စသည်တို့ဖြင့် နာမည်ဆိုးကျော်ကြားနေသောကြောင့်
စစ်ကောင်စီက အဆိုပါ ကိစ္စများကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ရန်အကြိမ်ကြိမ် သတင်းထုတ်ပြန်နေသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်တွင်လည်း ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူး နေပြည်တော်သို့ လာရောက်စဥ် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများကို နှိမ်နင်းသွားရန် ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ သတင်းများ ဆက်တိုက်ထုတ်ပြန်နေသော်လည်း ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်း၌ အလုပ်လုပ်ရန် လူခေါ်ယူမှုများကို လူမှုကွန်ရက်စာမျက်နှာများ၌ ပေါ်ပေါ်တင်တင် တွေ့နေရဆဲဖြစ်သည်။
၎င်းတို့၏ အလုပ်ခေါ်စာများတွင် Customer Service (Finding) အတွက် တစ်လကို အနည်းဆုံး မြန်မာငွေ ကျပ် ၁၅ သိန်းကျော် ရရှိသည့် ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်ငွေများဖြင့် ပေး၍ အလုပ်ခေါ်ထားခြင်းဖြစ်သည်။
“အတွေ့အကြုံမရှိလည်း ရတယ်။ အစမ်းခန့် ၁၅ ရက်အတွင်း သင်ပေးတယ်။ မြဝတီကို ကားကြိုပေးတယ်။ လာဖို့ ဆုံးဖြတ်ပြီးရင် မှတ်ပုံတင် ရှေ့၊နောက်လေးတွေ ရိုက်ပို့ပေးနော်လို့ ပြောတယ်” ဟု ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းမှ အလုပ်ခေါ်ယူထားသည်ကို သွားရောက်စုံစမ်းခဲ့သည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းမှ ခေါ်ယူနေသည့် အလုပ်များတွင် လူရှာပေးခြင်း၊ စကားပြောပေးခြင်းနှင့် မော်ဒယ်လုပ်ပေးခြင်း စသည့် အလုပ်များကို အများဆုံး လုပ်ပေးရသည်။ လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ လစာနှုန်းထားမှာလည်း ကွာခြားမှုရှိပြီး မော်ဒယ်လ်လုပ်ပေးပါက ကျပ်သိန်း ၄၀ ကျော်အထိ ရရှိသည်ဟု ရွှေကုက္ကိုလ်တွင် အလုပ်လုပ်ကိုင်ခဲ့သော အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည် ။
“တစ်ရက်ကို သုံးယောက် ရှာပေးရတယ်။ Google Voice ကို သုံးပြီး Text မက်ဆေ့နဲ့ ချမ်းသာတဲ့ မိန်းကလေးယောင်ဆောင်ပြီး မိတ်ဆက်စကားလိုက်ပို့ရတယ်။ တယ်လီဂရမ်အကောင့်အပါအဝင် ကိုယ်ရေးအချက်အလက်တွေ စုံစမ်းပေးရတယ်” ဟု ၎င်းက ပြောသည် ။
အွန်လိုင်းပေါ်တွင် နည်းလမ်းမျိုးစုံသုံးပြီး ငွေကြေးလိမ်လည်နေသည့် မြန်မာနိုင်ငံမှ ကျားဖြန့် လုပ်ငန်းများ၌ အတင်းအဓမ္မ ခိုင်းစေခိုင်းခြင်းများ၊ နှိပ်စက်ခြင်းများ အပါအဝင် လူကုန်ကူး ရာဇဝတ်မှုများအထိ ကျူးလွန်လာသောကြောင့် နိုင်ငံတကာမှ အာရုံစိုက်ခြင်းခံနေရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ညီနောင်သုံးဖွဲ့က ကျားဖြန့် နှိမ်နင်းရေးနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲနေသည်မှာ ရက်ပေါင်း ၈၀ နီးပါးရှိလာပြီဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF က ထိန်းချုပ်ထားသည့် မြဝတီမြို့အနီးရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းသွားမည်ဟု စစ်ကောင်စီက ပြီးခဲ့သည့်လများကတည်းက အကြိမ်ကြိမ် သတင်းထုတ်ပြန်ခဲ့သော်လည်း ယနေ့အချိန်အထိ လုပ်ငန်းခွင်အတွင်း တစ်စုံတရာ ထူးခြားမှုများရှိမလာသေးဟု KK Park တွင် တရုတ်သူဌေး လက်ထောက်လုပ်နေသူ အမျိုးသမီးက ပြောသည်။
ကျားဖြန့် အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးအပါအဝင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများကို တရုတ်နိုင်ငံ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဇန်နဝါရီလ ၁ ရက်က သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း မြန်မာ-ထိုင်းနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ရာဇဝတ်လုပ်ငန်းများကို ထိုင်းနိုင်ငံ၊ တရုတ် နိုင်ငံတို့နှင့် ပူးတွဲတိုက်ဖျက်ရန် အသင့်ရှိနေသည်ဟုလည်း ဇန်နဝါရီလ ၂ ရက်တွင် ဧရာဝတီသတင်းဌာနက ဖော်ပြထားသည်။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2995
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.com/?p=6861