တနင်္သာရီတိုင်း၌ စစ်ရှောင်များ အိမ်ငှားရမ်းခ အဆမတန်ပေးနေရ
*********************************
အောင်မြတ်သူ
ဇန်နဝါရီ ၁၃ ၊ ၂၀၂၄ ။
တနင်္သာ ရီတိုင်းရှိ မြိတ် ၊ ထားဝယ် ၊ ကော့သောင်းမြို့များတွင် လာရောက်ရှောင်တိမ်းနေသူများသည် နေအိမ်ငှားရမ်းခများအဆမတန် များနေသည်ဟု စစ်ရှောင်များထံကသိရသည်။
ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ် နှင့် ဒေသခံကာကွယ်ရေးတပ်တို့၏ နှစ်ဘက် တိုက်ပွဲများကြောင့် ဒေသခံများမှာ နီးစပ်ရာ ထားဝယ်မြို့ပေါ်သို့ပြောင်းရွှေ့နေထိုင်ရမှုများနေပြီး အိမ်ငှားခစျေးနှုန်းမှာ မြင့်တက်လာနေခြင်းဖြစ်သည် ။
” လွန်ခဲ့တဲ့၆လကျော်လောက်ကတည်းက ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ ထားဝယ်မြို့ပေါ်တွေမှာ အိမ်ခန်းတွေ ငှားနေကြတယ် ။ အဲ့လိုအခြေအနေမျိုးတွေကြောင့်လည်း အိမ်ငှားစျေးကွက်တွေက သူ့အလိုလိုတက်နေကြတာ ။ ငွေကြေးမတတ်နိုင်တဲ့သူတွေကတော့ တောနယ်တွေဘက်မှာ ဥယျာဥ်ခြံတွေရှိတော့ အဲ့ဒီလိုနေရာတွေမှာနေထိုင်ကြတဲ့သူတွေလည်းရှိတယ် ။ အချို့ကြတော့လည်း တောထဲကိုပဲဝင်ပြေးကြတယ် ” ဟု ထားဝယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ထိုင်းနိုင်ငံနှင့်နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့အတွင်း၌လည်း အိမ်ငှားစျေးနှုန်းများအဆမတန်တက်နေပြီး ထိုင်းဘတ်ငွေ ၆ ထောင် (ကျပ် ၆ သိန်း ဝန်းကျင်)ထိရှိနေသည်ဟု သိရသည် ။
” စစ်ကိုင်းတိုင်း ဘက်ကလူတွေ တော့ ရှိတယ်။ သူတို့ဘက်မှာအခြေအနေတွေမကောင်းတာကြောင့် ကော့သောင်းမြို့ကို လာပြီး နေအိမ်ငှားရမ်းနေထိုင်မှုတွေရှိတယ် ။ အဲ့ဒီလိုနေထိုင်မယ်ဆိုရင် လူခံတွေရှိမှ အဆင် ပြေတယ် ။ ကော့သောင်းမြို့ခံ လူတွေအနေနဲ့ လည်းမှတ်ပုံတင် တွေမရှိရင်လည်း ဖမ်းဆီး ဒဏ်ရိုက် တာတွေတော့ ရှိတယ် “ဟု ကော့သောင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည် ။
မြိတ်မြို့တွင်လည်း နေအိမ်ငှားရမ်းခမှာ ယခင်ကထက်ပိုများလာပြီး ကျပ်တစ်သိန်းကျော်ထိပေးရမှုများရှိနေသည်ဟု မြိတ်မြို့၌ လာရောက်ခိုလှုံနေသူများက ပြောသည် ။
အိမ်ငှားရမ်းခများမြင့်မားမှုနှင့်အတူ ကုန်စျေးနှုန်းကြီးမားမှုများကြောင့် တချို့စစ်ရှောင်များမှာ အိမ်ငှားစာချုပ်မချုပ်နိုင်သဖြင့် ဖမ်းဆီးစစ်ဆေးမှုများကို ခံနေကြရသည်ဟုသိရသည်။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2994
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7005