ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၁၃ ၊ ၂၀၂၄ ။
နှစ်ဖက်အပစ်ရပ်သဘောတူညီထားမှုကို ချိုးဖောက်ပြီး စစ်ကောင်စီကအင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် စခန်းတစ်ခုပေးလိုက်ရသည်ဟု TNLA နှင့်နီးစပ်သူများထံမှ သိရသည်။
တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသ ကျောက်မဲမြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ ယနေ့နံနက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယနေ့ နံနက် (၉း၁၈)နာရီအချိန်တွင် ကျောက်မဲမြို့ စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
အချိန်၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် တအာင်းတပ်မတော် PSLF/TNLA မှ အခြေချတပ်စွဲထားသော ငြိမ်ချမ်းရေးကုန်းမှ ယာယီနောက်ဆုတ်ပေးလိုက်ရသည်ဟု TNLA က ယနေ့တွင် ထုတ်ပြန်သည် ။
မိဘပြည်သူများ စစ်ဘေးဒဏ်သင့်မည် စိုးရိမ်းသောကြောင့်နှင့် ဆုံးရှုံးမှုများမည်စိုးသောကြောင့် ယာယီ နောက်ဆုတ်ပေးလိုက်ရခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည် ။
ရှမ်းမြောက်၌ ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ တရုနိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ရှမ်းမြောက်တွင် ယာယီအပစ်ရပ်စဲရေး နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည်ဟု ညီနောင် ၃ ဖွဲ့က ထုတ်ပြန်သည့်အပြင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အပစ်ရပ်သဘောတူညီမှု ရရှိခဲ့သည်ဟု ယမန်နေ့၌ ထုတ်ဖော်ပြောကြားထားသည်။
” ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပူပူနွေးနွေးထိုးထားခဲ့သော အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို စစ်ကောင်စီတပ်မှ ပေါ်ပေါ်တင်တင်ချိုးဖောက်ပြီး ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ဒုတိယအကြိမ် ချိုးဖောက်ခြင်းဖြစ်သည် ” TNLA က ထုတ်ပြန်ချက်၌ ဖော်ပြထားသည် ။
ယမန်နေ့တွင်လည်း စစ်ကောင်စီတပ်က တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာသို့ လက်နက်ကြီးများဖြင့် မိုးကုတ်၊ ကျောက်မဲ၊ လားရှိုးမြို့နယ် တို့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည် ။
ဓာတ်ပုံ-PSLF/TNLA
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2993
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7002