ကော့သောင်းလေဆိပ်ရောက်ခရီးသည်များ လေဆိပ်အပြင်ထွက်ခ ကျပ်သိန်းချီပေးနေရ
**********************************
အောင်မြတ်သူ
ဇန်နဝါရီ ၁၁ ၊ ၂၀၂၄ ။
တနင်္သာရီတိုင်း ၊ ကော့သောင်းမြို့လေဆိပ်သို့ရောက်ရှိလာသည့် ခရီးသည်များအနေဖြင့် လေယာဥ်ဆိုက်ကပ်ပြီး လေယာဥ်ကွင်းပြင်ပသို့ထွက်ခွာချိန်၌ ငွေကျပ်သိန်းချီပေးဆောင်မှသာ အပြင်ထွက်ခွင့်ရရှိသည်ဟု ခရီးသည်များထံ က သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်တွင် ထားဝယ်မြို့မှ ကော့သောင်းမြို့သို့ လေယာဥ်ဖြင့်ခရီးသွားခဲ့သည့် အသက် ၄၀ ကျော်အရွယ် ထားဝယ်မြို့ခံအမျိုးသား ၁ ဦးက လေယာဥ်ကွင်းမှထွက်ချိန်၌ မိသားစု ၃ ဦးစာအတွက် ငွေကျပ် ၆ သိန်းပေးခဲ့ရသည်ဟု သံလွင်ခက်ကိုပြောသည် ။
” လေဆိပ်မှာ ပိုက်ဆံမပေးနိုင်တဲ့သူတွေ၊ သူတို့နဲ့မချိတ်ထားတဲ့သူတွေဆိုရင် သီးသန့်ထားထားတယ်။ မှတ်ပုံတင် တွေ သိမ်းဆည်းထားတယ်။ အပြင်ကိုပေးမထွက်တော့ဘူး ” ဟု ၎င်းက ပြောသည်။
ကော့သောင်းမြို့သည် ထိုင်းနိုင်ငံ၊ ရနောင်းမြို့နှင့်နယ်နိမိတ်ချင်းထိစပ်နေပြီး ကော့သောင်းမြို့သို့ ရောက်ရှိလာသူ များမှာလည်း ရနောင်းဘက်သို့သွားရောက်မည့်သူများဖြစ်သည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ လေဆိပ် တာဝန်ကျသူများက ခရီးသည်များထံမှ ငွေကြေးများ အဓမ္မတောင်းခံနေခြင်းဖြစ်သည်ဟု သိရသည်။
တနင်္သာရီတိုင်း ၆ / ကသန မှတ်ပုံတင်ကိုင်ဆောင်ထားသူများပင်လျှင် ကော့သောင်းလေဆိပ်မှ အပြင်ထွက်ခ အဖြစ် အနည်းဆုံး ကျပ် နှစ်သိန်း ပေးနေရသည့်အပြင် အခြားမှတ်ပုံတင်နံပါတ် ကိုင်ဆောင်ထားသူများဆိုလျှင် တော့ ပိုမိုအစစ်အဆေးခံရပြီး ငွေပိုပေးကြရသည်ဟု သိရသည် ။
အဆိုပါ ငွေကြေးကောက်ခံမှုများသည် ယခင်ကတည်းကရှိနေခဲ့ပြီး ကော့သောင်းလေဆိပ်မှထွက်လျှင် ကျပ် သောင်းဂဏန်းပေးဆောင်ရသည်ဟု အာဏာမသိမ်းမီအချိန်က ငွေကြေးပေးဆောင်ခဲ့ဖူးသည့် ရွှေ့ပြောင်းမြန်မာ လုပ်သား ၁ ဦးက ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် ရေကြောင်းကုန်သွယ်ရေးတွင် အဓိကအချက်အချာဖြစ်သည့် ကော့သောင်းမြို့သည် နှစ်နိုင် ငံနယ်စပ် ကုန်ပစ္စည်းကူးသန်းရောင်းဝယ်သူများ နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံသို့ထွက်ခွာရန် အတွက် အရေးပါသောလမ်းကြောင်း ဖြစ်သည်။
လက်ရှိအာဏာသိမ်းကာလတွင် အဘက်ဘက်ကကျဆင်းလာသည့် စီးပွားရေး၊ အလုပ်အကိုင်ရှားပါးမှုနှင့် မြို့နယ်အတွင်း စစ်ရေးအခြေအနေများကြောင့် တနင်္သာရီတိုင်းရှိဒေသခံများနှင့် အခြားပြည်နယ်၊ တိုင်းများက ဒေသခံများသည်လည်း ကော့သောင်းမှတဆင့် ရနောင်းဘက်သို့ ထွက်ခွာမှုများနေသည်ဟု သိရသည်။
ထို့ကြောင့် အခြားမြို့နယ်များကဒေသခံများသည် ကော့သောင်းမြို့သို့ နည်းလမ်းမျိုးစုံဖြင့် လာရောက်နေကြပြီး ယခုနောက်ပိုင်းဖြစ်ပွားသောတိုက်ပွဲများကြောင့် ကားလမ်းအဆင်မပြေမှုများရှိလာသဖြင့် လေကြောင်းခရီးကိုသာ ပိုမိုအသုံးပြုလာကြသည်။
” အခုချိန်ဆိုရင် ထားဝယ်ကနေကားလမ်းနဲ့ ကော့သောင်းကို လာမယ်ဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်တော့ဘူး ။ လမ်းမှာက တိုက်ပွဲတွေဖြစ်တာများတော့လေ ။ အခုကော့သောင်းကို လေယာဥ်နဲ့လာဖို့အတွက်တောင် လွန်ခဲ့တဲ့ ၁ လလောက်ကတည်းက ကြိုဝယ်ထားရတာ “ဟု ထားဝယ် ဒေသခံအမျိုးသား ၁ ဦးက ပြောသည် ။
လက်ရှိတွင် ကော့သောင်းသို့ဆိုက်ရောက်မည့် လေယာဥ်ခရီးစဥ်အတွက် လေယာဥ်လက်မှတ်များကို အချိန်လနှင့် ချီကြာ ကြိုတင်ဝယ်ယူနေရသည့်အပြင် အနီးဆုံးခရီးစဥ်ဖြစ်သည့် ထားဝယ် – ကော့သောင်း လေယာဥ်လက်မှတ် ခမှာလည်း ကျပ်နှစ်သိန်းဝန်းကျင်ထိဖြစ်လာသည်ဟု သိရသည်။