ကရင်လူမျိုးများ မျိုးချစ်စိတ်ဓာတ်အပြင် တော်လှန်ရေးချစ်မြတ်နိုးသည့်စိတ်ဓာတ်ရှိရန် KNU ဥက္ကဋ္ဌ တိုက်တွန်း
****************************
သဇင်
ဇန်နဝါရီ ၁၁ ၊၂၀၂၄။
ကရင်လူမျိုးများအနေဖြင့် အရှိန်အဝါကြီးမြတ်ပြီး ခေတ်ရေစီးကြောင်းနှင့်အညီ ဖွံ့ဖြိုးတိုးတက်ခြင်းမှာ မျိုးချစ်စိတ် ဓာတ်ရှိရုံဖြင့်မလုံလောက်ဘဲ တော်လှန်ရေးကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်ရှိရန်လိုအပ်သည်ဟု ယနေ့တွင်ကျ ရောက်သည့် ၂၇၆၃ နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် KNU – ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောကြားသည်။
ကရင်လူမျိုးများ၏ ဝိသေသလက္ခဏာကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သလို ကရင်လူမျိုးတို့၏ ဖြစ်တည်မှု များနှင့် တိုးတက်မှုကိုပျက်စီးစေသည့်အရာများကိုလည်း ဆန့်ကျင်တော်လှန်ကြရန် လိုအပ်သည်ဟု ၎င်းကဆို သည်။
ယင်းအပြင် လုယူဖျက်ဆီးခံထားရသည့် အခွင့်အရေးများကိုပြန်လည်ရယူရန်၊ ကရင်လူမျိုးတို့၏အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးတို့၏အခွင့်အရေးများနှင့် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုများကို နှောင့်ယှက်ဖျက်ဆီးသည့် နိုင်ငံ ရေးဆိုင်ရာအတားအဆီးများကို ဆန့်ကျင်တော်လှန်ရမည်ဟုလည်း အဆိုပါမိန့်ခွန်းတွင် ပါရှိသည်။
ထိုသို့ဆောင်ရွက်မှုများကို တစ်ဦးတစ်ယောက်ချင်းစီတိုင်းက ဆောင်ရွက်ရမှာဖြစ်ပြီး ကရင်လူမျိူးတို့၏ အသက် ရှင်နေထိုင်မှုနှင့် ဖြစ်တည်မှုကို ပျက်စီးအောင်လုပ်သည့် မည်သည့်ကိစ္စကိုမဆို ဆန့်ကျင်တော်လှန်ဖို့ ကရင်တစ် မျိုးသားလုံးတွင်တာဝန်ရှိသည်ဟု ပဒိုစောကွယ်ထူးဝင်း က ဆိုသည်။
ကရင်လူမျိုးတို့၏ မျှော်လင့်ချက်များနှင့် တစ်တိုင်းပြည်လုံးရှိ တိုင်းရင်းသားများ၏ လိုလားချက်အရ ကရင် အမျိုးသားအစည်းအရုံးသည် လွတ်လပ်ပြီးတရားမျှတသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ကော်သူးလေကို ထူ ထောင်နိုင်ရန်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ်အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင် သွားမည်ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပဒိုစောကွယ်ထူးဝင်းက “ ဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အဖွဲ့အစည်းတစ်ဖွဲ့၊ လူမျိုးတစ်မျိုးတည်းက ဆောင်ရွက်လို့မရနိုင်ပါဘူး။ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများ အထူးသဖြင့် ကရင် အမျိုးသားအစည်းအရုံးရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ကရင်တော်လှန်ရေးအဖွဲ့အစည်း များ၊ ကရင်အမျိုးသားအဖွဲ့အစည်းမျာအားလုံးအနေဖြင့် ကရင်အမျိုးသားရေးအတွက် ခိုင်ခိုင်မာမာရပ်တည်ပြီး ရှေ့ ဆက် ကရင်လူမျိုးများရှင်သန်ရပ်တည်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အတူတကွ လက်တွဲလုပ်ဆောင်သွားကြဖို့ ဖြစ်ပါတယ်”ဟု ဆိုသည်။
ထို့ကြောင့် ကရင်လူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးအားလုံး လက်ရှိအခြေအနေကို အတူတကွကြံ့ကြံ့ခံရင်ဆိုင် ပြီး တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြဖို့ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းဖိတ်ခေါ်ထားသည်။
ဓာတ်ပုံ – KNU – ကရင်အမျိုးသားအစည်းအရုံး။
ပုံစာ-ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2968
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6932