ကောင်းချစ်အောင်
ဇန်နဝါရီ ၁၀၊ ၂၀၂၄။
လက်နက်ကိုင်အဖွဲ့များသည် နယ်မြေလုလာသည့်အပြင် ဘာသာရေးကိုပါ စော်ကားလာသည့်အတွက် ပြန်လည်တွန်းလှန်သွားမည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး ယမန်နေ့ကရှင်းလင်းရာတွင် ထည့်သွင်းပြောကြားလာခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA ယူနီဖောင်းဝင်ဆင်ထားသည့် ရဲဘော် ၁ ဦးက လောက်ကိုင်မြို့မြောက်ဘက် ပွိုင့် ၂၀၂၂ တောင်ကုန်းပေါ်ရှိ စေတီ ၁ ဆူကို သံတူဖြင့် ထုရိုက်ဖျက်ဆီးနေသည့် ရုပ်သံမှတ်တမ်းတစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံနှံ့လာခဲ့သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ အဆိုပါလုပ်ရပ်သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအပေါ် စော်ကားခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများကြား သွေးကွဲနေမှုများကို သပ်လျှိုခြင်း၊ သွေးကွဲနေမှုများအပေါ်တွင် အခွင့်ကောင်းယူခြင်းဖြစ်သည်ဟု ဆိုသည်။
“လက်နက်ကိုင်နယ်မြေလုမှုတွေကနေ လက်နက်ကိုင်ပြီး ဘာသာရေးကိုပါစော်ကားတဲ့ တစ်မျိုးသားလုံး အမြတ်တနိုးထားတဲ့ဘာသာရေးကိုပါ စော်ကားတဲ့အပြုအမူများနဲ့ သွေးတိုး စမ်းလာတာတွေကို ကျွန်တော်တို့အနေနဲ့ပြန်လည် ပြီးတွန်းလှန်သွားရမယ်။ ပြန်လည်ပြီး သွေးစည်းသွားရမယ်။ ပြန်လည်ပြီးညီညွတ် သွားရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်ရှိ စေတီ ၁ ဆူကို သံတူဖြင့်ထုကာ ဖျက်ဆီးခဲ့သည့် အပြုအမူနှင့်ပတ်သက်ပြီး မျိုး ချစ်သံဃာတော်များဦးဆောင်ကာ အင်အား ၇၀၀ ခန့်ဖြင့်လမ်းလျှောက် ဆန္ဒဖော်ထုတ်ကန့်ကွက်ခြင်းအား မန္တလေးမြို့၌ ယမန်နေ့က ပြုလုပ်ခဲ့ကြသေးသည်။
အဆိုပါ ရုပ်သံဖိုင်ကိစ္စနှင့်ပတ်သက်ပြီး စေတီကို ဖျက်ဆီးမှုလုပ်ဆောင်ခဲ့သည့်တပ်သားကို အရေးယူအပြစ်ပေးသွားမည်ဖြစ်ပြီး ဖျက်ဆီးရန်အမိန့်ပေးစေခိုင်းခြင်းမရှိဘဲ ပုဂ္ဂိုလ်ရေးအရလုပ်ရပ်ဖြစ်သည်ဟု MNDAA က ပြန်လည်ဖြေရှင်းထားသည်။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2927
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6911