သံလွင်ခက်
ဇန်နဝါရီ ၈ ၊ ၂၀၂၄။
တရုတ်နိုင်ငံနယ်စပ် ၊ ရှမ်းပြည်မြောက်ပိုင်းရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းကို မိသားစုကြီး ၄ စုက အဓိကလုပ်ကိုင်လည်ပတ်လုပ်ကိုင်နေခဲ့ကာ တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံရှိပြီး ၎င်းမိသားစုတို့အား မြန်မာစစ် တပ်ကကာကွယ်ပေးထားခဲ့ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာ မိတ်တပ်မတော်(MNDAA)စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်တာရွှင် က တပ်ဖွဲ့ဝင်များထံပေးပို့သော နှစ်သစ်ကူးသဝဏ်လွှာတွင် ဖော်ပြထားသည်။
ကိုးကန့်ဒေသ၏အဓိကမြို့တော်ဖြစ်သည့် လောက်ကိုင်မြို့အနီးဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သောရက်သတ္တပတ်ကပဲ လောက်ကိုင်မြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က အလုံးစုံထိန်းချုပ်နိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များဘက်ကပြောဆိုထားသလို စစ်ကောင်စီဘက်ကလည်း ပြောဆိုထားသည်။
အွန်လိုင်းလောင်းကစားလုပ်ငန်းများ၏ အဓိကဗဟိုချက်ဖြစ်သော လောက်ကိုင်မြို့ကို မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် ၆ ဦးအပါအဝင် ထောင်နှင့်ချီသောစစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံခဲ့သည်။
လောက်ကိုင်မြို့ရှိ အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် ထိုင်းနိုင်ငံသား ၅၀၀ ကျော်ကိုလည်း ပြီးခဲ့သောရက်သတ္တပတ်များအတွင်းကပဲ ကယ်တင်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံသို့ပြန်လည်ပို့ ဆောင်ပေးနိုင်ခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြထားသည်။
၎င်းလူပေါင်း ၅၀၀ ကျော်တွင် ၁၇၄ ဦးမှာ လူကုန် ကူးခံခဲ့ရသောသားကောင်များဖြစ်သည်ဟု ထိုင်းနိုင်ငံအာဏာပိုင်များက အတည်ပြုပြောဆိုသည်။
မြောက်ပိုင်းညီနောင် ၃ ဖွဲ့၏စစ်ဆင်ရေးများမစတင်ခင်အချိန်များကမူ လောက်ကိုင်မြို့ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ငွေလိမ်လုပ်ငန်းများကို မိသားစုကြီး ၄ စုက ဝန်ထမ်းပေါင်း ၁၀၀,၀၀၀ ကျော်နှင့်အတူ အဓိက လုပ်ကိုင်ခဲ့ကြသည်။
အဆိုပါတရားမဝင်လုပ်ငန်းများသည် တရုတ်ပြည်သူများကို အဓိကပစ်မှတ်ထားလိမ်လည်နေခြင်းဖြစ်သောကြောင့် ယင်းလုပ်ငန်းများတွင်ဝင်ရောက်လုပ်ကိုင်နေကြသော ဝန်ထမ်းအများစုမှာ တရုတ် (သို့မဟုတ်) တရုတ်စကား ပြောတတ်ကြသူများဖြစ်ကြောင်း ဘန်ကောက်ပိုစ့်ဖော်ပြချက်အရ သိရသည်။
အွန်လိုင်းငွေလိမ်လုပ်ငန်းကို အဓိကလုပ်ကိုင်ခဲ့ကြသော မိသားစုများမှာ ပယ် မိသားစု၊ မြီ မိသားစု၊ ဝေ မိသားစု နှင့် လျိုမိသားစုတို့ဖြစ်ကြပြီး ၂၀၀၉ ခုနှစ်ကစတင်၍ မြန်မာစစ်တပ်နှင့်ပူးပေါင်းကာ မူးယစ်ဆေးဝါးနှင့် ဆိုက်ဘာရာဇဝတ်မှုူများ ကျူးလွန်ခဲ့သည်ဟု ဖုန် ကပြောသည်။
ကိုးကန့်၏အထင်ကရမိသားစုများတွင် ကိုးကန့်စော်ဘွား ရန်ကျိန်းဆိုင် ကစ၍ Asia World တည်ထောင်သူ ဘိန်းဘုရင် လော်စစ်ဟန်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီအပြင် မြန်မာစစ်တပ်ကိုပါပုန်ကန်ခဲ့သည် ဖုန်ကြားရှင် တို့ပါဝင် သော်လည်း လက်ရှိကိုးကန့်၏ အချမ်းသာဆုံးမိသားစုများမှာ ၎င်းတို့၏ မိသားစုဝင်များမဟုတ်ကြတော့ဘဲ မြန်မာစစ်တပ်နှင့်ပူးပေါင်းပြီး ရာဇဝတ်မှုများကျူးလွန်ခဲ့ကြသည့် ပယ်၊ မြီ၊ ဝေနှင့် လျိုမိသားစုဝင်များဖြစ်ကြသည်။
Ref: Bangkok Post
Photo : Kokang News
ပုံစာ – ၂၀၂၃ ခုနှစ် မတ်လတွင် စစ်ခေါင်းဆောင်က လျူရှောက်ချန် အား အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတိကဓရဘွဲ့ချီးမြှင့်ခဲ့စဥ်။