၂၀၂၃ ခုနှစ်အတွင်း ကေအဲန်ယူတပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲပေါင်း ၁၉၀၀ နီးပါးဖြစ်ပွား
***************************
နန်းဆုပန်ခန့်
ဇန်နဝါရီ ၅ ၊ ၂၀၂၄။
၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ မူတြော်(ဖာပွန်) ခရိုင်၌ စစ်ကောင်စီစခန်း ၃၁ လုံးဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီနှင့် KNLA တပ်မဟာ ၅ ပူးပေါင်းတပ်များကြား တိုက်ပွဲပေါင်း ၁၈၅၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ရင်းမှူး၊ တပ်ခွဲမှူး၊ ဒု-ခွဲမှူး၊ တပ်ကြပ်ကြီး၊ တပ်ကြပ်အပါအဝင် စုစု ပေါင်း ၈၆၉ ဦးသေဆုံးကာ တပ်ခွဲမှူး၊ ဒုဗိုလ်၊ တပ်ကြပ်ကြီးနှင့် ဒု-တပ်ကြပ် အပါအဝင် ၆၀၉ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်ဟု မူတြော်သတင်းစဉ်အရသိရသည်။
၂၀၂၃ ခုနှစ်အတွင်း ကမမောင်းမြို့အနီးရှိ မယ်ကျိထစစ်ဆေးရေးဂိတ်စခန်းနှင့် မဆုတ်တမ်းခံစစ်စခန်း ပွိုင့် ၉၃၉ တပ်စခန်းအား ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီ၏ယာယီစခန်းနှင့် စခန်းငယ် စုစုပေါင်း ၃၁ လုံး သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်သား ၃၀ ဦး လက်နက်ချအညံ့ခံခဲ့သည့်အပြင် စစ်သုံးမော်တော်ယာဥ် ၁၃ စီး မီးရှို့ဖျက်ဆီး နိုင်ခဲ့ကြောင်းသိရသည်။
နှစ်ဖက်ဖြစ်ပွားခဲ့သော တစ်နှစ်တာကာလတိုက်ပွဲများအတွင်း တပ်မဟာ ၅ ဘက်ကလည်း ၄၅ ဦးကျဆုံးခဲ့သလို ၁၈၃ ဦး ဒဏ်ရာရရှိခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုပေါင်း ၇၄ ကြိမ်ရှိခဲ့ပြီး ဒေသခံပြည်သူ ၃၀ ဦးသေဆုံး ကာ ၄၇ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည့်အပြင် ဒေသခံပြည်သူများ၏ နေအိမ် ၉၃ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ကျောင်းအစည်းအဝေးခန်းမဆောင် ၁ ဆောင်၊ ဘုရားကျောင်း ၆ ကျောင်း၊ ဝတ်ပြုဆုတောင်းရာအဆောင် ၂ ဆောင်၊ ဆေးရုံ၊ ဆေး ပေးခန်း ၄ လုံး ပျက်စီးခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၁ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် – BGF နှင့် KNLA ပူးပေါင်း တပ်များကြား တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် စုစုပေါင်း ၁၃၀၇ ဦး သေဆုံးခဲ့ကာ ၉၇၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNLA ဘက်က ၅၀ ဦး သေဆုံးခဲ့၍ ၁၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- KNLA
ပုံစာ- ကရင်နီပူးပေါင်းတပ်နှင့် KNLA ပူးပေါင်းတပ်တို့သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်၏ ပွိုင့် ၉၃၉ မဆုတ် တမ်းခံစစ်စခန်းပုံ။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2883
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6829