ပလက်ဝရှိစစ်ကောင်စီစခန်းကုန်း ၂ ကုန်းအား ၃ ရက်အတွင်း AA သိမ်းပိုက်
**************************
မိခိုင်
ဇန်နဝါရီ ၄ ရက်၊ ၂၀၂၄။
ချင်းပြည်နယ်၊ ပလက်ဝတွင်စစ်ကောင်စီကအခြေချထားသော စခန်းကုန်းများဖြစ်သည့် ခမောင်းဝစခန်းနှင့် ချင်း လက်ဝစခန်းကုန်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါ ရီလ ၁ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး ခမောင်း၀စခန်းကုန်းအား ဇန်နဝါရီလ ၂ ရက်တွင်လည်းကောင်း၊ ချင်းလက်ဝစခန်းကုန်းအား ဇန်နဝါရီလ ၃ ရက်တွင်လည်းကောင်း AA က သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် ” ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း၌ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ရန်သူ့စခန်းကုန်းများထဲမှ ပလက်ဝမြို့နယ်၊ ခမောင်းဝစခန်းကုန်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်တွင် အပြီး သတ်သိမ်းပိုက်ရယူနိုင်ခဲ့သကဲ့သို့ ဇန်နဝါရီလ ၃ ရက်၌လည်း ချင်းလက်ဝစခန်းကုန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည် “ဟု ထုတ်ပြန်ထားသည်။
ပလက်ဝအတွင်းရှိ “ချင်းလက်ဝစခန်းကုန်း” အား ဇန်နဝါရီလ ၃ ရက်တွင် ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါစခန်းကုန်းအား ၃ ရက်ခန့်သာ တိုက်ခိုက်ခဲ့ပြီး စခန်းကုန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြား သိမ်းဆည်းရမိခဲ့သည်ဟု ဆိုထား သည်။
ယင်းစခန်းကုန်းများမှ ” စစ်တပ်အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်” ဟု ရက္ခိုင့်တပ်တော်ကထုတ်ပြန်ထားပြီး ပလက်ဝဒေသအတွင်းကျန်ရှိနေသေးသော ပလက်ဝ ၂၈၉ ဗျူဟာကုန်း နှင့် မီးဝဗျူဟာကုန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည် ဟု ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင်လည်း ပလက်၀ရှိ၊ ခဝဲဗျူဟာကုန်းနှင့် ဒီဇင်ဘာလ ၂၈ ရက်တွင် အိန္ဒိယ – မြန်မာနယ်စပ်ရှိ ပွိင့် ၃၇၇ စစ်ဆင် ရေးအခြေကုပ်စခန်းကုန်းအား ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရယူထားနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းပိုက်ရရှိခဲ့သည်။
ပလက်ဝရှိစစ်ကောင်စီစခန်းများဖြစ်ကြသည့် ခလရ – ၂၃၃ ၊ ခမရ – ၃၇၄ ၊ ၃၇၆ ၊ ၃၀၈ ၊ ၂၁၁ ၊ ၂၁၇ နှင့် ခလရ – ၂၈၉ ၊ ခမရ – ၂၂၀ တို့ကိုလည်း ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းဖြစ်သည့် ဇန်နဝါရီလ ၁ ရက်ကစတင်ချဥ်းကပ်ပြီး ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
ရက္ခိုင့်တပ်တော်က ပလက်ဝရှိ ခလရ ၂၈၉ ပတ်ဝန်းကျင်က စစ်စခန်းငယ် ၃ ခု၊ စစ်ကောင်စီဂိတ်များ၊ လာမွီ တောင်စခန်းကုန်း (တပ်မ ၁၁ လက်အောက်ခံ၊ ခမရ ၂၁၁ တပ်ရင်း ယာယီအခြေပြုစခန်း)၊ ရင်ကွဲတောင်တပ် စခန်းကုန်း (တပ်မ ၁၁ လက်အောက်ခံ၊ ခမရ ၂၁၁ တပ်ရင်း ယာယီအခြေပြုစခန်း)၊ ပွိုင့် ၁၂၉ ကုန်း (တပ်မ ၅၅ လက်အောက်ခံ၊ ခမရ ၁၈ တပ်ရင်း ယာယီအခြေပြုစခန်း) ၊ တပ်မ ၅၅ လက်အောက်ခံ၊ ခမရ ၁၈ တပ်ရင်းတို့အား သိမ်းပိုက်ထားသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စက်တင်ဘာလ ၁၄ ရက်အထိ ၄၅ ရက်တာကာလအတွင်း စစ်ကောင် စီစခန်းများဖြစ်ကြသည့် အောက်သဲမဝကျေးရွာအနီး ယာယီအခြေပြုစခန်း၊ ပွိုင့် ၁၅၉ ကုန်း (တပ်မ ၅၅ လက်အောက်ခံ၊ ခမရ ၁၈ တပ်ရင်း ယာယီအခြေပြုစခန်း)၊ တပ်မ ၅၅ လက်အောက်ခံ၊ ခမရ ၁၈ တပ်ရင်း၊ အဘောင်ဝကျေးရွာအနီး ယာယီအခြေပြုစခန်းနှင့် တရွန်အိုင်ဗျူဟာ၊ နှုံးဘူးဗျူဟာ၊ မြိတ်ဝစခန်း၊ ကားလမ်းလုံခြုံ ရေး စခန်း၊ ပွိုင့် ၃၉၁ စခန်း၊ ပကာဝ စခန်း၊ ပွိုင့် ၃၅၁ စခန်း၊ ဒိုးချောင်းဝစခန်းနှင့် ဆနွင်းတောင်ကြောစခန်းတို့ အား ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – AA Info Desk
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2868
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6803