“ဝ”ခေါင်းဆောင်နဲ့ပြည်သူတွေပူးပေါင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝဖော်ဆောင်နိုင်ခဲ့တဲ့ “ဝ”ပြည်နယ်
**************************************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၃၊ ၂၀၂၄။
ရှမ်းပြည်နယ်တွင် “ဝ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အဝ ရရှိထားပြီး အခြား တိုင်းရင်းသားဒေသများရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများထက် ပို၍ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း သိရသည်။
“ဝ” ပြည်နယ်ရှိလမ်းများပေါ်တွင် အမှိုက်တစ်စမျှမရှိဘဲ သန့်ရှင်းသပ်ရပ်နေသလို တစ်ဦးနှင့်တစ်ဦး အော်ဟစ် စကားပြောဆိုခြင်းများလည်းမရှိဟု ၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့ကနေ “ဝ” ပြည်နယ်တွင် စစ်ဘေး ရှောင်အဖြစ်နေထိုင်ခဲ့ရသည့် အမျိုးသမီး ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“အရမ်းစည်းကမ်းရှိတာပဲ။ အမှိုက်တစ်စက်မရှိဘူး။ အမှိုက်ပစ်ချခွင့်လည်းမရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် စကားကို အော်ကျယ်ဟစ်ကျယ်လည်းမပြောကြဘူး။ အပြောချိုချို အပြုံးလေးနဲ့ပဲ ဆက်ဆံကြတယ်။ တစ်မြို့လုံး ကိုပတ်ပြီး ကားမောင်းတာ အမှိုက်တစ်စက်မရှိတာတော့ တကယ်ချီးကျူးတယ်။ စစ်ရှောင်တွေကို ကုန်ပစ္စည်းတွေ ဈေးတင်ရောင်းခွင့်လည်းမရှိဘူး။ တွေ့ရင်ချက်ချင်းဆိုင်ပိတ်ခိုင်းတယ်” ဟုပြောသည်။
နဝတ-နအဖ စစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲ၍ သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းအလိုက် (စစ်ကိုင်းတိုင်းတစ်တိုင်း တည်းတွင်သာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိသည်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအထူးဒေသများ သတ်မှတ်ခဲ့ပြီးသည့် နောက်ပိုင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ – UWSP က “ဝ”ပြည်နယ်အတွက် ဥပဒေများသတ်မှတ် ပြဋ္ဌာန်းနိုင်ခဲ့သလို စည်းမျဥ်းစည်းကမ်းများကိုလည်းချမှတ်နိုင်ခဲ့၍ ကောင်းမွန်စွာအုပ်ချုပ်ထားနိုင်ခဲ့သည်ဟု ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ- PNFC ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း က ဆိုသည်။
“ “ဝ” ပြည်ကတော့ “ဝ” ခေါင်းဆောင်နဲ့ “ဝ” အဖွဲ့အစည်းတွေကိုယ်တိုင်က အုပ်ချူပ်စီမံနိုင်တဲ့ အခြေအနေမှာရှိပါ တယ်။ “ဝ” ပြည်သူတွေနဲ့ “ဝ” ခေါင်း ဆောင်တွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ်မှာ မူတည်ပါတယ်။ “ဝ” ပြည်သူတွေနဲ့ “ဝ” အမျိုးသားခေါင်းဆောင်တွေနဲ့က စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ဒါကိုဆောင်ရွက်နိုင်ခဲ့ကြတယ်။ ထူထောင်နိုင်ခဲ့ကြတယ်” ဟုပြောသည်။
၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်တွင် “ဝ” ခေါင်းဆောင် ကျောက်ညီလိုင် နှင့် ပေါက်ယိုချမ်း တို့ဦးစီးသည့်”ဝ” တပ်ဖွဲ့ သည် ဗမာပြည်ကွန်မြူနစ်ပါတီကခွဲထွက်ပြီး UWSP/UWSA “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ / “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်အဖြစ် ရပ်တည်ခဲ့သည်။
ထို့နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ – နဝတ အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး နဝတ အစိုးရ က အထူးဒေသ ၂ အဖြစ် သတ်မှတ်ပေးခဲ့လေသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသဆိုသည်က စစ်တပ်က အပေါ်စီးကနေ အုပ်ချုပ် သည့်စနစ်ဖြစ်ကာ ယခုလက်ရှိမှာတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုသာ ဦးတည်သွားမှာဖြစ်သည်ဟု ဦး ခွန်မြင့်ထွန်း က ဆက်ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို ဖျက်သိမ်းကြောင်းကြေညာထားကြတာတွေလည်းရှိပါတယ်။ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြန်လည်ပြင်ဆင်ဖွဲ့စည်းတာမျိုးတွေလည်း ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော် တို့သွားမယ့်ဟာက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုသွားကြမယ်။ ပြည်ထောင်စုအဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ် ယူနစ်အသစ်တွေလည်း ပေါ်ထွန်းလာမှာဖြစ်ပါတယ်” ဟုပြောသည်။
နဝတအစိုးရလက်ထက်တွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ။ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟူ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် သတ်မှတ်ပေးထားခဲ့သည်။
၁၀၂၇ စတင်ပြီး ၂၀၂၃ နိုဝင်ဘာလ ၁ ရက်တွင် UWSP\UWSA က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး UWSP/UWSA အနေဖြင့် မည်သည့်ဘက်ကမျှ ပါဝင်တိုက်ခိုက်မည်မဟုတ်သော်လည်း လေကြောင်း၊ ကြည်း ကြောင်းကနေ နယ်ကျော်ဝင်ရောက်လာသော မည်သည့်စစ်ရေးဆိုင်ရာကျူးကျော်မှုမှန်သမျှကိုမဆို တိုက်ထုတ် သွားမည်ဟု သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြင့် ၎င်းတို့၏ အချုပ်အခြာအာဏာကို ပြသနိုင်ခဲ့ပါသည်။
ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကလည်း “ဝ”ပြည် နယ်ကဲ့သို့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်မျိုးဖော်ဆောင်မည်ဟု ပြော ဆိုခဲ့ခြင်းများရှိသလို “ဝ”ပြည်နယ်သည် အခြားသောတိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များအတွက် စံပြတစ်ခုဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင်လည်း ရေးသားဖော်ပြနေကြပါသည်။
ဓာတ်ပုံ – WSTV
ပုံစာ – ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်က “ဝ”ပြည်နယ် နိုင်ငံရေးဌာန၊ ဌာနကြီးမှူး ဦးကျောက်အိုက်နပ်လိုင်း ဦးဆောင်သည့် “ဝ”ပြည်နယ် ဗဟိုကော်မတီအဖွဲ့သည် နမ့်တစ်အထူးမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား သွားရောက်အားပေးကူညီစဥ်။