သံလွင်ခက်
ဒီဇင်ဘာ ၂၉ ၊ ၂၀၂၃ ။
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ရွှေပြည်အေးနှင့် လွယ်ပတာ စခန်းကုန်းများကို ပူးပေါင်းမဟာမိတ်တော်လှန်ရေးအင်အားစုများက ဒီဇင်ဘာလ ၂၃၊ ၂၄ နှင့် ၂၅ ရက်တို့တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲများတွင် လက်နက် ၃၀ ခန့်သိမ်းဆည်းရမိခဲ့သည်ဟု ပူးပေါင်းတပ် ကာကွယ်ရေးရဲဘော်များထံမှ သိရသည် ။
ထို့ပြင် ရွှေပြည်အေးစခန်းကုန်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၃၀ ကျော်သေပြီး ၇ ဦးအရှင်ဖမ်းမိကာ လက်နက် ၃၀ နီးပါး သိမ်းဆည်းရမိခဲ့ကြောင်းနှင့် သူငယ်ချင်း ရဲဘော်တိုမားစို့တစ်ယောက် မြင့်မြတ်စွာတော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရသည်ဟု KNDF ရဲဘော်တစ်ဦးက ဖော်ပြထားသည်။
ထိုစခန်းများကို သိမ်းပိုက်ရရှိခဲ့သောကြောင့်
ပူးပေါင်းမဟာမိတ်အင်အားစုများသည် ဖယ်ခုံမြို့ အဝင်နှင့်အထွက် အသီးသီးကို ထိန်းချုပ်ထားပြီဖြစ်သည်ဟု သိရသည်။
သို့သော်လည်း ယခုကာလများအတွင်း ပြည်သူလူထုများအနေနှင့် ဖယ်ခုံမြို့အတွင်း ဝင်ထွက်သွားလာခြင်းမပြုကြသေးရန်လည်း မေတ္တာရပ်ခံအပ်ပါသည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
” ဖယ်ခုံမြို့ထဲမှာရှိတဲ့တပ်တွေတော့ စစ်ကောင်စီက နေရာယူဆဲပဲပေါ့နော် “ဟု ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်တစ်ဦးက ပြောသည် ။
ကရင်နီပြည်တွင် ပြီးခဲ့သော နိုဝင်ဘာလ ၁၁ မှစပြီး လွိုင်ကော်မြို့အပါအဝင် မြို့များနှင့်စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်
နေရာ မိုးဗြဲနှင့် ဖယ်ခုံတို့ရှိ စစ်ကောင်စီတပ်စခန်းများလည်း ပါဝင်ပြီး အများစုကို ပူးပေါင်းတပ်များက သိမ်းပိုက်ထားနိုင်ခဲ့သည်။
ထို့ကြောင့် ရှမ်းပြည်တောင်ပိုင်းမှ ကရင်နီပြည်ထဲ စစ်ကူပို့ရန် စစ်ကောင်စီအတွက် ခက်ခဲနေပြီး အဆိုပါလမ်းကြောင်းအများစုကို ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။
” ကရင်နီပြည်ထဲကိုလာမယ့် စစ်ကြောင်းတွေကို ထိန်းချုပ်နိုင်ပြီးလားဆို အဲလိုပဲပြောရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့အတွက် လာဖို့ခက်ခဲသွားပြီပေါ့နော် ။ စိုးမိုးနယ်မြေကိုလည်း အပြည့်အဝ မဟုတ်ရင်တောင်မှ စစ်ကောင်စီဘက်က ထောက်ပို့လမ်းကြောင်းပို့ဖို့ခက်ခဲတဲ့ အခြေအနေမျိုးတော့ရောက်ရှိပြီးပေါ့နော် “ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ကရင်နီပြည်ထဲကို ယခင်က စစ်ကြောင်းထိုးခဲ့သော စစ်ကောင်စီတပ် စစ်ကြောင်းအများစုသည် ရှမ်းတောင်ပိုင်းမှ ဝင်ရောက်လာခြင်းဖြစ်သည် ။ လက်ရှိစစ်ဆင်ရေးကာလအတွင်း၌ မြေပြင်စစ်ကြောင်းများဖြင့် စစ်ကူ၊ လက်နက်၊ ရိက္ခာများ မပို့နိုင်သောကြောင့် စစ်ကောင်စီက လေကြောင်းကို အဓိကသုံးနေရသည်။
” ထောက်ပို့လမ်းကြောင်း ခက်ခဲလို့ထင်တယ် ဒီရက်အတွင်းမှာ ဟယ်လီကော်ပတာတွေ ခဏခဏအတက်အဆင်းလုပ်တာတွေ တွေ့နေရတယ်ပေါ့ ။ တောင်ငူဘက်ကနေ ၊ နေပြည်တော်ဘက်ကနေပေါ့ “ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည် ။
လက်ရှိစစ်ဆင်ရေးအတွင်း၌ ကရင်နီပြည်နယ်ရှိ မြို့တချို့နှင့် စခန်းများကို စစ်ကောင်စီက ဆုံးရှုံးထားခဲ့သော်လည်း လက်ရှိချိန်ထိမြေပြင်မှ စစ်ကူစစ်ကြောင်းများ မပို့နိုင်သေးဟု ပူးပေါင်းစစ်ကြောင်းများထံမှ သိရသည်။
ပုံစာ- ဖယ်ခုံ-မိုးဗြဲ အနောက်ဘက်
ရွှေပြည်အေး၊ လွယ်ပတာ စခန်းသိမ်းတိုက်ပွဲမှ
တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ရရှိသော လက်နက်၊ခဲယမ်းများ။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2824
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6739